ရီးရဲလ်ကစားသမားတွေ တယောက်ပြီးတယောက် ဆာလာကို တုံ့ပြန်လာကြတာပါ။

လက်စားချေမယ်လို့ ပစ်မှတ်ထားနေတဲ့ လီဗာပူးနဲ့ ဆာလာတို့ နောက်တကြိမ် ဝန်ထုပ်ဝန်ပိုးမဖြစ်ဖို့ မျှော်လင့်ပါတယ်လို့ ရီးရဲလ်မက်ဒရစ် ညာနောက်ခံလူ ကာဗာဟယ်လ်က ပြောကြားလိုက်ပါတယ်။ (၂၀၁၈) ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ခဲ့တဲ့ ဒီနှစ်သင်း အခု ဒီနှစ်မှာလည်း မကျေပွဲ ထပ်မံရင်ဆိုင်ရမှာပါ။



(၂၀၁၈) မှာ ထိပ်တိုက်တွေ့ခဲ့တုန်းက ဆာလာတယောက် ရာမို့စ်ကြောင့် ပခုံးဒဏ်ရာရရှိပြီး စောစောစီးစီး လူစားလဲလိုက်ရပြီး ရီးရဲလ်မက်ဒရစ်ကလည်း လီဗာပူးကို ၃-၁ ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။ လီဗာပူးပရိသတ်တွေအပါအဝင် အချို့တွေကတော့ ဆာလာသာ ဆက်ကစားနိုင်ခဲ့ရင် တမျိုးတဖုံ ပြောင်းလဲနိုင်တယ်လို့ ယူဆနေကြပါတယ်။

ဒီနှစ်မှာ ရီးရဲလ်မက်ဒရစ် ဗိုလ်လုပွဲမတက်ခင် လီဗာပူးက ဗီလာရီးရဲလ်ကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲကို ရောက်ရှိနေချိန်တည်းက ဆာလာတယောက် ရီးရဲလ်မက်ဒရစ်နဲ့ ပြန်တွေ့ဖို့ မျှော်လင့်နေပြီး လက်စားချေစရာရှိတယ်လို့ ပြောကြားထားတာပါ။ ဆာလာရဲ့ ဒီလိုပြောကြားမှုတွေနဲ့ ပတ်သက်လို့ ရီးရဲလ်မက်ဒရစ်ကစားသမားတွေက တယောက်တမျိုး ဆာလာကို ပြန်လည် တုံ့ပြန်နေပါတယ်။

လက်ရှိအချိန်မှာလည်း ကာဗာဟယ်လ်က “ဆာလာနဲ့လီဗာပူးက လက်စားချေချင်စိတ်ရှိနေလား ကျနော်တော့ မပြောတတ်ပါဘူး။ ခင်ဗျားအနေနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာရှုံးပြီးသွားရင်တော့ နောက်တကြိမ် ဒီအသင်းနဲ့ပဲ ပြန်တွေ့ပြီး အနိုင်ယူချင်စိတ်ဖြစ်တာ အမှန်ပါ”

“အခုတခါ ဗိုလ်လုပွဲမှာလည်း ဆာလာအနေနဲ့ ရီးရဲလ်မက်ဒရစ်ကို နောက်တကြိမ်ထပ်ရှုံးပြီး ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးကြီးတခုမဖြစ်ဖို့ ကျနော်မျှော်လင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ကာဗာဟယ်လ်မတိုင်ခင်ကလည်း ကွင်းလယ်လူ ဗယ်လ်ဗာဒီက ဆာလာကို လေးစားမှုမရှိတဲ့သူတယောက်အဖြစ် ဝေဖန်ပြီး ရီးရဲလ်မက်ဒရစ်ပရိသတ်တွေအတွက် ချန်ပီယံလိဂ်ဆုဖလား ဆွတ်ခူးပေးသွားမယ်လို့ ဆိုထားပါတယ်။ 

Share

Loading Next Article...
က္က