ယူနိုက်တက် ဂန္တဝင်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က မနေ့ညက ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ သူ့အတွက် ခါးသီးပြိုင်ဘက် လီဗာပူးကို တွစ်တာပေါ်ကတဆင့် လှောင်ပြောင်သွားခဲ့ပါတယ်။ လီဗာပူးနဲ့ရီးရဲလ်မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်က ၁-၀ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့တာပါ။
လီဗာပူးဟာ (၂၀၁၈) ချန်ပီယံလိဂ်ဗိုလ်လုပွဲရှုံးကြွေးကို ဒီပွဲမှာ အပြီးဆပ်နိုင်ဖို့ ဆန္ဒရှိခဲ့ပေမယ့် နောက်ထပ်ရှုံးကြွေးပဲ ထပ်တင်ခဲ့ပါတယ်။ ဆာလာ၊ မာနေးတို့ရဲ့ အပိုင်အခွင့်အရေးတွေကို ရီးရဲလ်မက်ဒရစ်ဂိုးသမား ကော်တွိုက်စ် လက်စွမ်းပြ ကာကွယ်ခဲ့တာကြောင့်လည်း လီဗာပူးတို့ နောက်ထပ်ကံဆိုးမိုးမှောင်ကျခဲ့ရတာပါ။
လီဗာပူးဟာ ဒီရာသီမှာ ဆုဖလား (၄) လုံးမျှော်လင့်ခွင့်ရရှိခဲ့ပါတယ်။ ကာရာဘောင်၊ အက်ဖ်အေဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တို့မှာတော့ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပြီး ဖလား (၂) လုံးသာ ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီလိုမျိုး လီဗာပူးရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ရှုံးပွဲအပြီးမှာ ဂယ်ရီနဗီးလ်က “ခင်ဗျားက ယူနိက်တက်ပရိသတ်တယောက်ဆိုရင် ဒီလိုညမျိုးမှာ အမှန်တကယ် ပျော်ရွှင်နေပါလိမ့်မယ်။ ကျနော်ကတော့ အသားကုန်ပျော်နေပြီ” လို့ သူ့ရဲ့ တွစ်တာကတဆင့် ရေးသားခဲ့တာဖြစ်ပါတယ်။ လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ အရင်တည်းက ပရီးမီးယားလိဂ်မှာ ခါးသီးပြိုင်ဘက်တွေဖြစ်ခဲ့တာပါ။
ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် ကစားခဲ့တုန်းကလည်း ဗီလာရီးရဲလ်ကို လီဗာပူးတို့ ပထမပိုင်းမှာ နှစ်ဂိုးပြတ်ရှုံးနေချိန် ဂယ်ရီနဗီးလ်က သူ့ရဲ့ဓာတ်ပုံကြီးနဲ့အတူ လီဗာပူးကို လှောင်ပြောင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ လီဗာပူးက ချေပဂိုးနဲ့အနိုင်ဂိုးတွေပြန်သွင်းပြီး ဗိုလ်လုပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။