ဆွန်ဟောင်မင်အတွက် စိတ်ပျက်စရာဖြစ်ခဲ့တာပါ။

မနေ့က ထုတ်ပြန်လိုက်တဲ့ PFA ရဲ့ တနှစ်တာအကောင်းဆုံး (၁၁) ယောက်စာရင်းမှာလည်း ရွှေဖိနပ်ဆုဆွတ်ခူးနိုင်ခဲ့တဲ့ စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင် ချန်လှပ်ခံခဲ့ရပြန်ပါတယ်။ ဆွန်ဟောင်မင်ဟာ ဆာလာနဲ့အတူ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ပူးတွဲဆွတ်ခူးနိုင်ခဲ့တာပါ။



ဒါပေမယ့် ဒီကစားသမားက PFA တနှစ်တာအကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင်ကစားသမားစာရင်းမှာတောင် မပါဝင်ခဲ့ပါဘူး။ အဲ့ဒီအပေါ်မှာ ပရိသတ်တွေ အပြင်းအထန် ဝေဖန်ခဲ့ကြပြီး အခုတခါမှာတော့ အကောင်းဆုံး ကစားသမား (၁၁) ယောက်စာရင်းမှာတောင် မပါဝင်လာတော့တာဖြစ်ပါတယ်။

PFA တနှစ်တာအကောင်းဆုံးအသင်းမှာ ရော်နယ်ဒို၊ သီယာဂိုတို့ အငြင်းပွားဖွယ် ပါဝင်လာခဲ့ပြီး ၄-၃-၃ ကစားကွက်နဲ့ ခင်းကျင်းထားတဲ့ ဒီရွေးချယ်မှုမှာ လီဗာပူးက ကစားသမား (၆) ယောက်အထိ ပါဝင်ခဲ့ပါတယ်။ လီဗာပူးက ဂိုးသမား အယ်လစ်ဆန်၊ အာနိုးလ်၊ ဗန်ဒိုက်ချ်၊ သီယာဂို၊ ဆာလာ၊ မာနေးတို့ ပါဝင်ခဲ့တာပါ။ မန်စီးတီးကတော့ (၃) ယောက် ပါဝင်ခဲ့ပြီး ကန်ဆယ်လို၊ ဘာနာဒိုဆေးလ်ဗား၊ ဒီဘရိုင်းတို့ဖြစ်ပါတယ်။

အခြားအသင်းက ကစားသမား (၂) ယောက်အနေနဲ့ ချဲလ်ဆီးနောက်ခံလူ ရူဒီဂါ၊ ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုတို့ ပါဝင်လာခဲ့ပါတယ်။ PFA တနှစ်တာ အကောင်းဆုံးကစားသမားဆုကိုတော့ လီဗာပူးတိုက်စစ်ကစားသမား ဆာလာက သူ့ရဲ့ ကစားသမားဘဝအတွက် ဒုတိယအကြိမ်မြောက်အဖြစ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

လူငယ်အကောင်းဆုံးကစားသမားဆုကိုတော့ မန်စီးတီးကြယ်ပွင့် ဖိုဒန်က (၂) နှစ်ဆက်အဖြစ် ဆွတ်ခူးရရှိခဲ့ပါတယ်။ အကောင်းဆုံး (၁၁) ယောက်စာရင်းမှာ ဆွန်ဟောင်မင် မပါဝင်ခဲ့တာ၊ သီယာဂိုရွေးချယ်ခံခဲ့ရတာ၊ ယူနိုက်တက်နဲ့ တရာသီလုံးရုန်းကန်ခဲ့ရတဲ့ ရော်နယ်ဒိုပါဝင်လာခဲ့တာတွေက ဒီနှစ်အတွက် အဓိက အငြင်းပွားစရာတွေဖြစ်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က