ရီးရဲလ်မက်ဒရစ်ဥက္ကဌကြီး ပီရက်ဇ်က လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ အမ်ဘာပေအပြင် ဟာလန်းကိုပါ မခေါ်ယူဖြစ်ခဲ့တဲ့အပေါ် ဖွင့်ဟလာပါတယ်။ ဒီကစားသမားနှစ်ယောက်လုံးက ရီးရဲလ်မက်ဒရစ်ရဲ့ ပစ်မှတ်ဖြစ်ခဲ့တာပါ။
ဒါပေမယ့် ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို အဓိကဦးစားပေးပစ်မှတ်ထားခဲ့ပြီး ဟာလန်းကတော့ မန်စီးတီးကို ပြောင်းရွှေ့ဖို့ စောစောစီးစီးပဲ သဘောတူညီမှုရရှိခဲ့ပါတယ်။ အမ်ဘာပေကတော့ ရီးရဲလ်မက်ဒရစ်ကို လာရောက်ဖို့ သတင်းထွက်ခဲ့ပေမယ့် ဆုံးဖြတ်ချက်ချချိန်မှာတော့ ပီအက်စ်ဂျီမှာသာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အဲ့ဒါကြောင့် ရီးရဲလ်မက်ဒရစ်အနေနဲ့ အမ်ဘာပေကို ဦးစားပေးကြိုးစားရင်း ဟာလန်းကိုပါ လက်လွှတ်လိုက်ရတာဖြစ်တယ်လို့ ဆိုနေကြပါတယ်။ ဒါပေမယ့် ပီရက်ဇ်ကတော့ သူ့အသင်းမှာရှိတဲ့ တိုက်စစ်မှူး ဘန်ဇီမာကို အပြည့်အဝယုံကြည်အားကိုးထားပြီး ဟာလန်းကိုခေါ်ယူဖြစ်ရင်လည်း အရံခုံထိုင်နေရလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။
ပီရက်ဇ်က “ကျနော်တို့မှာ ကမ္ဘာ့အကောင်းဆုံး နံပါတ် (၉) ကစားသမားရှိနေတာလေ။ ဒီတော့ ဟာလန်းကိုခေါ်ပြီး ကျနော်တို့ အရံခုံမှာမထိုင်ခိုင်းတော့ပါဘူး။ ကျနော် ပြောတာမှန်တယ်မဟုတ်လား။ သူ့စာချုပ်လျော်ကြေးက နောက် (၂) နှစ်တဲ့လား? ကျနော် အဲ့ဒါကိုတော့ သေချာမသိပါဘူး”
“ဒါပေမယ့် အခုချိန်မှာ ကျနော်တို့က ရှိပြီးသား လူငယ်ကြယ်ပွင့်တွေ၊ အင်အားထပ်ဖြည့်ထားတဲ့ ကစားသမားတွေနဲ့ အသင်းသစ်တသင်း တည်ဆောက်ဖို့ထက် ဘယ်အရာကိုမှ ပိုပြီးစိတ်မဝင်စားတော့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လက်ရှိနွေရာသီမှာ ရူဒီဂါ၊ ချူအာမန်နီတို့ကို ခေါ်ယူထားပြီး ကစားသမားခေါ်ယူမှုကို ဒီနှစ်ယောက်နဲ့ အဆုံးသတ်ဖွယ်ရှိနေပါတယ်။