လူသန်းထောင်နဲ့ချီ သုံးနေတဲ့ App ချင်ရင် WeChat နဲ့ TikTok တို့ကို အတုယူရမယ်လို့လည်း ပြောပါတယ်

Twitter ပိုင်ရှင်ဖြစ်လာမယ့် အီလွန်မတ်စ်ဟာ TikTok သုံးရတာ စိတ်ဝင်စားဖို့ကောင်းကြောင်း Twitter ဝန်ထမ်းတွေနဲ့ တွေ့ဆုံပွဲမှာ ပြောသွားပါတယ်။

Twitter ဝန်ထမ်းတွေနဲ့ ကြာသာပတေးနေ့က ပထမဆုံးအကြိမ် တွေ့ဆုံမေးမြန်းမှုတွေ လုပ်ခဲ့တဲ့ ဘီလျံနာ အီလွန်မတ်စ်ဟာ မကြာသေးခင်ကပဲ TikTok ကို စပြီး သုံးဖြစ်ကြောင်းနဲ့ ဒီကနေ Twitter ရဲ့ User Experience အတွက် အတုယူစရာတွေ ရှိမယ်လို့ ထင်မှတ်ကြောင်း ပြောသွားခဲ့တာပါ။ 



နောက်ဆို သူ့ဝန်ထမ်းတွေ ဖြစ်လာမယ့် Twitter ဝန်ထမ်းတွေနဲ့ စကားပြောရာမှာ အီလွန်မတ်စ်က လူကြိုက်များလာနေတဲ့ TikTok အကြောင်း ထည့်ပြောခဲ့ပြီး သူလည်း ဒီ App ကို သုံးဖြစ်ကြောင်း ထည့်ပြောခဲ့ပါတယ်။ 



"ကျွန်တော် တစ်ချက်သုံးကြည့်တယ်။ ခင်ဗျားကို ပျင်းမနေအောင် သူတို့ တကယ်ကောင်းကောင်း လုပ်ထားတာပဲ" လို့ မတ်စ်က ဆိုပါတယ်။ TikTok ကို ဥပမာပေးပြီး သူ့အနေနဲ့ Twitter မှာ ပျင်းစရာကောင်းတဲ့ အကြောင်းအရာတွေ တင်နေတာမျိုး မလိုချင်ဘူးလို့ပါ ပြောသွားပါတယ်။ TikTok အနေနဲ့ ပျင်းစရာမကောင်းအောင် လုပ်တဲ့ အပိုင်းက နည်းနည်းများတာကြောင့် ဒီ App သုံးရတာဟာ တစ်ချိန်မှာတစ်ခု အာရုံစိုက်ဖို့ ခက်ခဲတဲ့ ADD ဆိုတဲ့ အာရုံစူးစိုက်မှုဆိုင်ရာ ပြဿနာရဲ့ အတွေ့အကြုံနဲ့တောင် ဆင်နေတယ်လို့ မတ်စ်က သုံးသပ်ထားပါတယ်။ 

"ကျွန်တော်ပြောချင်တာက ဒါက ADD လိုမျိုးခံစားနေရတယ်။ ဒါပေမယ့် ဒီတစ်ခုကတော့ နောက်တစ်ဆင့် ရောက်သွားသလိုမျိုး ဖြစ်နေတယ်။" လို့ မတ်စ်က ပြောပါတယ်။ TikTok ဟာ လူကို တစ်ချက်မှ ပျင်းစရာ မရှိဘဲ ကြည့်ပြီးရင်း ကြည့်ချင်အောင် Algorithm ကို မွမ်းမံတည်ဆောက်ထားတာပါ။ အီလွန်မတ်စ်အနေနဲ့ Twitter ကိုလည်း ပုံစံတစ်မျိုးနဲ့ TikTok လိုမျိုး ဆွဲဆောင်မှုရှိအောင် ပြောင်းလဲချင်နေတာ ဖြစ်ပါတယ်။ 



"TikTok က စိတ်ဝင်စားဖို့ ကောင်းတယ်။ ဒါပေမယ့် အရေးကြီးတဲ့ ပြဿနာတွေကိုလည်း ခင်ဗျားတို့ (ပလက်ဖောင်းပေါ်မှာ) အသိပေးစေချင်တယ်" လို့ မတ်စ်က Twitter ဝန်ထမ်းတွေကို ပြောခဲ့တာ ဖြစ်ပါတယ်။ မတ်စ်ဟာ Twitter အနေနဲ့ လူသန်း ၁ ထောင်ကျော် သုံးတဲ့ ပလက်ဖောင်းဖြစ်ဖို့ဆိုရင် WeChat နဲ့ TikTok တို့လို ဖြစ်ဖို့ လိုတယ်လို့လည်း အစည်းအဝေးမှာ ပြောသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က