မန်စီးတီးရဲ့ ပေါင်သန်း (၁၀၀) တန် ကစားသမား ဂရီလစ်ရှ်ဟာ လတ်စ်ဗီးဂတ်စ်မှာ နွေရာသီအားလပ်ရက်အဖြစ် အနားယူနေပါတယ်။ ဒီလိုအနားယူတဲ့နေရာမှာ ဂရီလစ်ရှ်တယောက် စိတ်လွတ်ကိုယ်လွတ်ကို ပျော်ပါးနေတာကိုလည်း မီဒီယာတွေက ဆက်တိုက်ဖော်ပြနေပါတယ်။
ဒီတပတ်အတွင်းမှာတင် ဂရီလစ်ရှ်တယောက် လတ်စ်ဗီးဂတ်စ်က ကလပ်တခုမှာ ညလုံးပေါက် ပျော်ပါးခဲ့ပြီး ရှန်ပိန်အလုံးရေတရာကျော်ပါဝင်တဲ့ ပက်ကေ့ချ်အတွက် တညတည်း ပေါင် (၈) သောင်း အသုံးပြုခဲ့ပါတယ်။ အဲ့ဒီနောက် မနက် (၃) နာရီမှာ ဒီကစားသမားက တော်တော်လေးအမူးလွန်နေခဲ့ကာ အမျိုးသမီးတယောက်နဲ့အတူ ကားငှားပြီး ပြန်သွားခဲ့ပါတယ်။
အခုတခါမှာလည်း ဂရီလစ်ရှ်တယောက် ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းက ကစားသမားတွေနဲ့ပါ သူငယ်ချင်းအရင်းကြီးတွေသဖွယ် ပျော်ပါးနေတာဖြစ်ပါတယ်။ ဂရီလစ်ရှ်ဟာ လီဗာပူးနောက်ခံလူ ရော်ဘတ်ဆန်၊ ဝက်စ်ဟမ်းကွင်းလယ်လူ ဒကလန်ရိုက်စ်တို့နဲ့အတူ ရေကူးကန်ပါတီပွဲကျင်းပခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးနဲ့လီဗာပူးတို့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို နောက်ဆုံးအကြိမ်အထိ တိုက်ပွဲဝင်ခဲ့ရပေမယ့် နိုင်ငံမတူတဲ့ ကစားသမားတွေအကြားမှာတောင် ဘယ်လိုအာဃတမျိုးမှမရှိတာကို ဒီဖြစ်ရပ်တွေက သက်သေပြနေပါတယ်။ ဒကလန်ရိုက်စ်ကလည်း လတ်စ်ဗီးဂတ်စ်ရောက် အမျိုးသမီးငယ်လေးတွေကြားမှာ တော်တော်လေး ရေပန်းစားနေတယ်လို့ သိရှိရပါတယ်။
ဂရီလစ်ရှ်ရဲ့ ဒီလိုမျိုး အလွန်အကျူးပျော်ပါးနေတဲ့ပုံရိပ်တွေအပေါ် ဂွါဒီယိုလာက တစုံတရာ မှတ်ချက်ပေးထားတာမျိုးတော့ မရှိသေးပါဘူး။ ဒါပေမယ့်လည်း လာမယ့်ရာသီတိုက်စစ်ပိုင်းအတွက် ဟာလန်း၊ အယ်လ်ဗာရက်ဇ်တို့လို ကစားသမားမျိုးတွေ ရောက်ရှိနေတာကြောင့် ဂရီလစ်ရှ်အနေနဲ့ ရာသီကြိုလေ့ကျင့်ခန်း ပြန်ဆင်းတဲ့အချိန်မှာ ပုံမှန်ခြေစွမ်း သေချာပေါက် ပြသနိုင်ဖို့ လိုအပ်နေတယ်လို့လည်း ဗြိတိန်မီဒီယာတွေက သုံးသပ်နေကြပါတယ်။