Samsung ကုမ္ပဏီဟာ Galaxy ဖုန်းမော်ဒယ်တချို့ရဲ့ ကြော်ငြာကြောင့် ဒေါ်လာ ၁၀ သန်းနီးပါး (၉.၇ သန်း) ဒဏ်ကြေးပေးဆောင်လိုက်ရပါတယ်။
ဩစတြေးလျနိုင်ငံ ဈေးကွက်ယှဉ်ပြိုင်မှုနဲ့စားသုံးသူ ရေးရာ ကော်မရှင် (ACCC) ရဲ့ သတင်းထုတ်ပြန်ချက်မှာ Samsung ဟာ Galaxy S7 ၊ Galaxy S7 Edge ၊ Galaxy A5 (2017) ၊ Galaxy A7 (2017) ၊ Galaxy S8/S8 Plus နဲ့ Galaxy Note 8 ထုတ်ကုန်တွေရဲ့ ရေစိုခံမှုနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ ပြောကြားချက်တွေ လုပ်ဆောင်ခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ဖော်ပြထားပါတယ်။
Samsung ဟာ ၂၀၁၆ မတ်လကနေ ၂၀၁၈ အောက်တိုဘာအတွင်း ဝယ်သူတွေ အထင်အမြင်မှားစေနိုင်တဲ့ ကြော်ငြာ ၉ ခု တင်ခဲ့တယ်လို့ ACCC ရဲ့ မှတ်ချက်မှာေ ဖာ်ပြထားပါတယ်။ ကုမ္ပဏီဟာ ကြော်ငြာထဲမှာ ဖုန်းတွေကို ရေကူးကန်နဲ့ ပင်လယ်ရေထဲ အသုံးပြုနိုင်ကြောင်း ဖော်ပြထားတယ်လို့ ဆိုပါတယ်။ ဒီကြော်ငြာကမ်ပိန်းတွေဟာ Facebook ၊ Twitter ၊ Instagram ၊ ကုမ္ပဏီရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်နဲ့ အရောင်းဆိုင်တွေအထိ ရောက်ရှိခဲ့တယ်လို့လည်း ACCC က ပြောပါတယ်။
Samsung Australia အနေနဲ့လည်း အပေါ်မှာ ပြောခဲ့တဲ့ Galaxy ဖုန်းတွေ ရေကူးကန်တို့ ပင်လယ်ရေတို့ထဲ နစ်မြှပ်သွားရင် အားသွင်းပေါက် ပျက်စီးပြီး စက်ပျက်သွားနိုင်တဲ့အကြောင်းကို အခု သိရှိပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
"Samsung Australia ရဲ့ ရေစိုခံကြောင်း ကြော်ငြာတွေဟာ ဒီ Galaxy ဖုန်းတွေအတွက် အရေးပါတဲ့ ရောင်းအားမြှင့်ပြောစရာ Selling Point တစ်ခုဖြစ်ခဲ့ပါတယ်။ Galaxy ဖုန်းတစ်လုံးကို ဝယ်ယူတဲ့သူအများအပြားဟာလည်း ဖုန်းသစ်ဝယ်ဖို့ မဆုံးဖြတ်ခင် အခုလို လမ်းကြောင်းလွဲစေတဲ့ ကြော်ငြာတွေနဲ့ ထိတွေ့ခဲ့ရဖို့ ရှိတယ်" လို့ ACCC Chair ဂီနာ ကတ်စ်-ဂေါ့တ်လီယက်က သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ACCC ဟာ Galaxy ဖုန်းတွေ ရေထဲ သုံးပြီးနောက် ပြဿနာတက်လာကြောင်း တိုင်ကြားတဲ့ တိုင်စာရာပေါင်းများစွာကို သုံးသပ်ခဲ့ပြီး တချို့အခြေအနေတွေမှာဆို ဖုန်းက လုံးဝအလုပ်မလုပ်တော့ဘူးလို့ ဆိုပါတယ်။ Samsung ကုမ္ပဏီအနေနဲ့ ရေစိုခံကြောင်း ကြော်ငြာတချို့က အထင်အမြင်လွဲစေကြောင်း ဝန်ခံခဲ့ပြီး ဒဏ်ငွေ ဒေါ်လာ ၉.၇ သန်းပေးဆောင်သွားမယ်လို့ သဘောတူညီထားပါတယ်။