အသက် ၅၁ နှစ်ပြည့်တဲ့ မွေးနေ့မှာ အီလွန်မတ်စ်ဟာ Twitter ပလက်ဖောင်းမှာ Follower သန်း ၁၀၀ ကျော် ရှိလာခဲ့တယ်လို့ ဆိုပါတယ်။
အီလွန်မတ်စ်ဟာ Twitter မှာ Follower သန်းရာဂဏန်းရှိတဲ့ ဆဌမမြောက်ပုဂ္ဂိုလ်ဖြစ်ပြီး The Verge သတင်းအရ မတ်စ်မှာ Follower ၁၀၀၀၅၉၈၈၆ ဦး (သတင်းရေးချိန်အထိ) ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ လူမှုကွန်ရက်အချက်တွေ စောင့်ကြည့်ထုတ်ပြန်နေတဲ့ SocialBlade ဝက်ဘ်ဆိုက်မှာ မတ်စ်ဟာ ဇွန်လ ၂၆ ရက်နဲ့ ၂၇ ရက်နေ့အတွင်း Follower ၁ သိန်းခွဲကျော် ရလာခဲ့တယ်လို့လည်း ဆိုပါတယ်။
အီလွန်မတ်စ်အပြင် Twitter မှာ Follower ဦးရေ ဂဏန်း ၉ လုံးအထက် ရှိသူ ၅ ဦးကတော့ သမ္မတဟောင်း ဘားရက်ခ်အိုဘားမား (Follower ၁၃၂ .၁သန်းကျော်) ၊ ကနေဒါအဆိုတော် ဂျက်စတင်ဘီဘာ (၁၁၄.၁ သန်းကျော်) ၊ အမေရိကန်အဆိုတော် ကေတီ ပယ်ရီ ( ၁၀၈.၈ သန်းကျော်) ၊ အဆိုတော် ရီဟားနား (၁၀၆.၉ သန်းကျော်) နဲ့ ပေါ်တူဂီ ဘောလုံးသမား ခရစ္စတီယာနို ရော်နယ်ဒို (၁၀၁.၄ သန်း) တို့ ဖြစ်ပါတယ်။ Twitter ကို ဒေါ်လာ ၄၄ ဘီလျံနဲ့ ဝယ်ဖို့ လုပ်နေတဲ့ မတ်စ်ဟာ မွေးနေ့မှာ Follower သန်း ၁၀၀ ကျော်သွားတာ ဖြစ်ပါတယ်။
ဧပြီလကတည်းက စတင်ခဲ့တဲ့ Twitter နဲ့ အရောင်းအဝယ်ကိစ္စကတော့ အခုထိ ပြီးပြတ်ခြင်း မရှိသေးဘဲ အဖုအထစ်တချို့နဲ့ ကြုံတွေ့နေရပါတယ်။ Tesla CEO အီလွန်မတ်စ်ဟာ Twitter ပလက်ဖောင်းပေါ်က Spam Bot နဲ့ အကောင့်တုအချက်အလက်တွေကို တောင်းထားပြီး ကုမ္ပဏီဘက်က အချက်အလက်တွေပေးဖို့ ငြင်းဆန်နေတယ်ဆိုပြီး သတင်းတွေ ထွက်ထားပါတယ်။ ဒီအချက်ကြောင့်ပဲ မတ်စ်ဟာ Twitter ကို ဝယ်မယ့်ကိစ္စ ဖျက်သိမ်းပစ်မယ်ဆိုပြီး ကုမ္ပဏီကို စာပို့ခဲ့တယ်လို့ ဆိုပါတယ်။
Twitter ကတော့ ကုမ္ပဏီပလက်ဖောင်း သုံးစွဲသူ ၂၂၉ သန်းထဲမှာ အယောင်ဆောင်အကောင့် နဲ့ အကောင့်တုတွေဟာ သုံးစွဲသူဦးရေရဲ့ ၅% အောက်ပဲ ရှိတယ်လို့ ပြောထားခဲ့တာ ဖြစ်ပြီး ဒီတွက်ချက်မှုအပေါ် အီလွန်မတ်စ်က ကိုယ်တိုင် ပြန်ဆန်းစစ်တွက်ချက်ချင်နေတာ ဖြစ်ပါတယ်။ အီလွန်မတ်စ်ရဲ့ Followers တွေထဲမှာရော Bot အကောင့် ဘယ်လောက်ပါမလဲဆိုတာ မသိနိုင်ပါဘူး။