The Wall Street Journal ရဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ Documentary တင်ထားပါတယ်။

"Samsung ဟာ Apple ဖန်တီးထားတဲ့ တီထွင်မှုတွေ ယူပြီး ကော်ပီကူးခဲ့တယ်" လို့ Apple မားကတ်တင်းပိုင်း အကြီးအကဲဖြစ်သူ ဂရက် ဂျော့စ်ဝစ်ခ်က ဆိုပါတယ်။ 

iPhone တွေရဲ့ ၁၅ နှစ်တာ မှတ်တမ်းရုပ်ရှင်တိုအဖြစ် The Wall Street Journal က တင်ထားတဲ့ Documentary ဗွီဒီယိုမှာ Samsung ဟာ iPhone ဆီက နည်းပညာတွေ ခိုးယူခဲ့ကြောင်း Apple အမှုဆောင်အရာရှိတစ်ဦးဖြစ်တဲ့ ဂရက် ဂျော့စ်ဝစ်ခ်က စွပ်စွဲထားပါတယ်။ ၂၁ မိနစ်စာ Documentary ဖိုင်ထဲမှာ Apple ဈေးကွက်ရှာဖွေရေးဆိုင်ရာ အကြီးအကဲဖြစ်သူ ဂျော့စ်ဝစ်ခ်က iPhone တွေ စထုတ်ခါစက Samsung ရဲ့ ထုတ်ကုန်တွေဟာ Apple ပေါ် ဘယ်လို သက်ရောက်စေခဲ့သလဲဆိုတဲ့ မေးခွန်းကို ဖြေရာမှာ အခုလို ပြောခဲ့တာပါ။ 





"သူတို့က စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားသိတဲ့အတိုင်း သူတို့က ကျွန်တော်တို့ဆီက နည်းပညာတွေ လာပြီး ကော်ပီကူးနေခဲ့တာကိုး။ ကျွန်တော်တို့ ဖန်တီးထားတဲ့ တီထွင်ဆန်းသစ်မှုတွေကို သူတို့က ယူတယ်။ ပြီးတော့ ခပ်ညံ့ညံ့ကော်ပီတစ်ခု ဖန်တီးတယ်။ ပြီးရင် ဘေးတစ်လျှောက်မှာ ပိုကြီးတဲ့ Screen တစ်ခု တပ်လိုက်ရုံပဲ။ ဆိုတော့ ကျွန်တော်တို့ ဘယ်ကျေနပ်မလဲ။" လို့ ဂျော့စ် ဝစ်ခ်က ပြောပါတယ်။ 

Samsung ဟာ ၂၀၁၃ နှစ်ဆန်းပိုင်းမှာ ၅ လက်မဆိုဒ် Display ပါ Galaxy S4 ကို ဖြန့်ချိခဲ့ပါတယ်။ အဲ့ဒီအရင် ၂၀၁၂ ခုနှစ်မှာ Apple က ၄ လက်မဆိုဒ် iPhone 5 ကို မိတ်ဆက်ထားတာပါ။ Apple ဟာ ၂၀၁၄ ရောက်မှ ၄.၇ လက်မ နဲ့ ၅.၅ လက်မအရွယ် iPhone 6 နဲ့ iPhone 6 Plus တို့လို Screen ပိုကြီးတဲ့ ဖုန်းတွေ ထုတ်လာနိုင်တာပါ။ Screen Size အကြီး ပြောင်းလာတဲ့နောက် ဒီမော်ဒယ်တွေဟာ ဝယ်လိုအား ထိုးတက်ခဲ့ပြီး ရောင်းအားအကောင်းဆုံး iPhone တွေ ဖြစ်လာခဲ့ပါတယ်။ 



Samsung နဲ့ Apple အကြား တစ်ယောက်နည်းပညာ တစ်ယောက်ခိုးယူတယ်ဆိုပြီး အပြန်အလှန် စွပ်စွဲမှုတွေ တရားစွဲဆိုမှုတွေတောင် ရှိခဲ့ဖူးပါတယ်။ ၂၀၁၁ ခုနှစ်မှာ မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ Samsung ကို Apple က တရားစွဲခဲ့ပါတယ်။ တရားစွဲချက်ထဲမှာ Samsung ဟာ Galaxy စမတ်ဖုန်းတွေမှာ Apple ရဲ့ iPhone ဒီဇိုင်းကို ကော်ပီကူးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ Apple ရဲ့ Original iPhone ပါ Features တွေကို ကော်ပီကူးမှုအတွက် Samsung အနေနဲ့ Apple ကို နစ်နာကြေး ဒေါ်လာ ၅၃၉ သန်း ပေးဆောင်စေဖို့ ၂၀၁၈ ခုနှစ်မှာ အမေရိကန်တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။ 

တစ်ခါက Samsung နဲ့ Apple တို့အကြားက စိတ်ဝင်စားစရာသမိုင်းကြောင်းတွေကို The Wall Street Journal ရဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ Documentary အနေနဲ့ ကြည့်နိုင်ပြီ ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က