ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်တယောက် ဝတ်စုံတစုံတည်းကို သုံးရက်ဆက်တိုက် ဝတ်ဆင်ခဲ့တဲ့အပေါ် ပရိသတ်တွေအကြား ပြောစရာတခုအဖြစ် ရေပန်းစားနေပြီး တန်ဟက်ခ်တယောက် ဖက်ရှင်မှာ ဟက်ထရစ်ရသွားပြီလို့ နောက်ပြောင်နေကြပါတယ်။ တန်ဟက်ခ်ဟာ ဗုဒ္ဓဟူးနေ့ကနေ သောကြာနေ့အထိ အပေါ်အောက်တစုံတည်းကိုသာ ဆက်တိုက်ဝတ်ဆင်ခဲ့တာပါ။
တန်ဟက်ခ်ဟာ အဖြူရောင်ဇစ်ပ်အကျီနဲ့ ဘောင်းဘီအကွက်တို့ကို ဝတ်ဆင်ရင်း မန်ချက်စတာမြို့ထဲ သုံးရက်ဆက်တိုက် အပြင်ထွက်လည်ပတ်ခဲ့တာပါ။ ဗုဒ္ဓဟူးနေ့မှာ တန်ဟက်ခ်ကို ဒီဝတ်စုံနဲ့ပဲမြင်တွေ့ခဲ့ရသလို ကြာသပတေးနေ့က လက်ထောက်နည်းပြ ဗန်ဒါဂါတ်၊ ဗန်ဒါဂါတ်ရဲ့လက်တွဲဖော်တို့နဲ့အတူ သုံးယောက် ညစာထွက်စားချိန်မှာလည်း တန်ဟက်ခ်ရဲ့ အဝတ်အစားက မပြောင်းလဲသွားခဲ့ပါဘူး။
ဒါ့အပြင် သောကြာနေ့မှာလည်း ဒီအဝတ်အစားတွေနဲ့ပဲ အပြင်ထွက်ခဲ့ပြီး စားသောက်ဆိုင်နှစ်ဆိုင်ကို ဒီတစုံတည်း ဝတ်ဆင်ရင်းသွားရောက်ခဲ့တယ်လို့ The Sun သတင်းဌာနမှာဖော်ပြထားပါတယ်။ “ယူနိုက်တက်ဝန်ထမ်းတွေ ဒီရာသီမှာ သူ့ဆီက ဒီကိစ္စအတွက် ပညာယူနိုင်ပါတယ်။ သူက စားသောက်ဆိုင်နှစ်ဆိုင်လောက်ကိုသွားတယ်၊ တချက်မှမပေစွန်းဘဲ ပြန်လာနိုင်ပါတယ်”
“သူက နယ်သာလန်မှာ အစားအသောက်ကိုအသန့်ရှင်းဆုံးစားသောက်နိုင်သူတယောက်တောင် ဖြစ်မယ်ထင်ပါတယ်။ ဒါပေမယ့် သူ့ဆီမှာ ပိုက်ဆံအပြည့်ရှိပြီးသားပါ။ အခု သူဝတ်သွားတဲ့ အဝတ်အစားတွေက မတူညီတဲ့ အဝတ်အစားအသစ်တွေဖြစ်နိုင်ပေမယ့် သေချာပေါက် ဒီတထည်တည်းပါပဲ” လို့ သတင်းရင်းမြစ်ကလည်း ပြောပါတယ်။ တန်ဟက်ခ်ရဲ့မိသားစုဟာ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတွေကို ပိုင်ဆိုင်ထားပြီးသားလို့ သိရပါတယ်။
အသက် (၅၂) နှစ်အရွယ် အဆိုပါနယ်သာလန်လူမျိုးနည်းပြရဲ့အဖေက သူ့သားကို စီးပွားရေးလုပ်ငန်းတွေမှာ ဝင်ရောက်စီမံခန့်ခွဲလိုခဲ့ပေမယ့် တန်ဟက်ခ်ကတော့ သူ့လမ်းကြောင်းသူရွေးချယ်ကာ အခုလိုပဲ နာမည်ကျော် ယူနိုက်တက်ရဲ့နည်းပြတယောက်အဖြစ် ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။