Neuralink ရဲ့ ဒါရိုက်တာတစ်ဦးပါ

Tesla အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်ဟာ သူ့ပိုင် ကုမ္ပဏီတစ်ခုရဲ့ ထိပ်တန်းအမှုဆောင်အမျိုးသမီးတစ်ဦးနဲ့ ငြိစွန်းပြီး ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ အမွှာကလေးတွေ ရခဲ့တယ်လို့ ဆိုပါတယ်။ 

Business Insider သတင်းမှာ ဖော်ပြချက်အရ အီလွန်မတ်စ်ဟာ သူ့ပိုင် ဦးနှောက်ချပ်စ်နည်းပညာကုမ္ပဏီ Neuralink ရဲ့ ထိပ်တန်းအမှုဆောင်တစ်ဦး ဖြစ်သူ ရှီဗွန် ဇီးလစ်နဲ့ ၂၀၂၁ နိုဝင်ဘာလထဲမှာ အမွှာလေးတွေ မွေးခဲ့တယ်လို့ ဆိုပါတယ်။ ဧပြီလထဲမှာ မတ်စ်နဲ့ ဇီးလစ်စ်တို့ဟာ အမွှာလေးတွေရဲ့ နာမည်မှာ သူတို့ဖခင်ရဲ့ နောက်ဆုံးနာမည် နဲ့ အလယ်နာမည် Middle Name ကို မိခင်ရဲ့ နောက်ဆုံးနာမည် ထည့်သွင်းဖို့ လျှောက်လွှာတင်ခဲ့ကြတယ်လို့လည်း တရားရုံးအထောက်အထားတွေကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားပါတယ်။ 




နာမည်ပြောင်းဖို့ လျှောက်ထားလွှာကို တက္ကဆက်တရားသူကြီးတစ်ဦးက တစ်လအကြာမှာ ခွင့်ပြုချက်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ အမွှာကလေးတွေကို တက္ကဆက်ပြည်နယ် ဩစတင်ပြည်နယ်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ မတ်စ်နဲ့ Grimes လို့ လူသိများတဲ့ ကနေဒါအဆိုတော် ကလဲရီ ဘောက်ချာတို့ ဒီဇင်ဘာလထဲမှာ အငှားကိုယ်ဝန်နဲ့ ဒုတိယကလေး မမွေးခင် သီတင်းပတ်အနည်းငယ်လောက် အလိုမှာ ဒီအမွှာကလေးတွေ မွေးလာခဲ့တာပါ။ 

မတ်စ်ဟာ ဇနီးဟောင်း ကနေဒါ စာရေးဆရာမ ဂျက်စတင် ဝီလ်ဆင်နဲ့လည်း ကလေး ၅ ဦး ရထားသူ ဖြစ်ပါတယ်။ လက်ရှိ မတ်စ်မှာ သားသမီး ၉ ဦး မွေးထားပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သူ့သား ၄ ဦးနဲ့အတူ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ အတူ အီတလီမှာ ဓါတ်ပုံတွဲရိုက်ထားတဲ့ ပုံတစ်ပုံကို Twitter ပေါ်မှာ တင်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားတဲ့ အီလွန်မတ်စ်ဟာ ခန့်မှန်းခြေ အသားတင် ဒေါ်လာဘီလျံ ၂၂၀ ခန့် ကြွယ်ဝတယ်လို့ ဆိုပါတယ်။ 


အသက် ၃၆ နှစ်အရွယ် ဇီးလစ်စ်ဟာ လောလောဆယ် Neuralink ရဲ့ အော်ပရေးရှင်းနဲ့ အထူးပရောဂျက်တွေမှာ ညွှန်ကြားရေးမှူးတစ်ဦးအဖြစ် တာဝန်ယူထားတယ်လို့ သူမရဲ့ LinkedIn Profile မှာ ဖော်ပြထားပါတယ်။ Neuralink ကို အသက် ၅၁ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး အီလွန်မတ်စ်က ပူးတွဲတည်ထောင် အုပ်ချုပ်နေတာ ဖြစ်ပြီး ဇီးလစ်စ်ဟာ ၂၀၁၇ မေလက Neuralink မှာ အလုပ်စ ဝင်ခဲ့တာ ဖြစ်ပါတယ်။ အလုပ်ဝင်တဲ့လမှာပဲ သူမဟာ Tesla မှာ ဉာဏ်ရည်တုနည်းပညာပိုင်း ပရောဂျက်ဒါရိုက်တာအဖြစ် နာမည်တင်သွင်းခံရပြီး ၂၀၁၉ ခုနှစ်အထိ အလုပ်လုပ်ခဲ့တာပါ။ 

ဇီးလစ်ဟာ အီလွန်မတ်စ် တည်ထောင်ထားတဲ့ AI သုတေသနလုပ်ငန်း OpenAI မှာလည်း ဘုတ်အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိကြားနေရတဲ့ သတင်းတွေအရဆို Twitter ကို ဒေါ်လာ ၄၄ ဘီလျံနဲ့ ဝယ်ယူမှု လုပ်ပြီးသွားရင် အီလွန်မတ်စ်ဟာ ဒီလုပ်ငန်းကို သူမကိုပဲ ဦးစီးခိုင်းမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က