ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်ဟာ ယူနိုက်တက်ကစားသမားတွေအတွက် သံမဏိစည်းမျဥ်း (၅) ချက်ကို ထုတ်ပြန်အတည်ပြုပြီး အသင်းသားတွေကို ကြပ်ကြပ်မတ်မတ် ကိုင်တွယ်နေတယ်လို့ သိရှိရပါတယ်။ ဒီအထဲမှာ ယူနိုက်တက်ကစားသမားတွေရဲ့ နေထိုင်စားသောက်မှုပုံစံ၊ အချိန်လေးစားမှုအစရှိတာတွေလည်း ပါဝင်ပါတယ်။
ပထမဆုံးအချက်ကတော့ ကစားသမားတွေအနေနဲ့ အသင်းလေ့ကျင့်ခန်းအစီအစဥ် ဒါမှမဟုတ် အသင်းအစည်းအဝေးကို နောက်ကျခဲ့ရင် အသင်းလူစာရင်းကနေ ချန်လှပ်ခံရမှာဖြစ်ပါတယ်။ ဒါ့အပြင် ပွဲရှိတဲ့ရက်သတ္တပတ်တွေမှာလည်း ကစားသမားတွေအနေနဲ့ အယ်လ်ကိုဟောကို သေချာပေါက်ရှောင်ရှားရမှာပါ။
ဒါဟာ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုပိုင်းကို အမြင့်ဆုံးအဆင့်မှာ ရှိနေစေဖို့ အရေးကြီးတဲ့ကိစ္စတရပ်အဖြစ် တန်ဟက်ခ်က ယူဆထားပါတယ်။ အဲ့ဒီနောက် တတိယမြောက်အချက်ကတော့ ကစားသမားတွေအနေနဲ့ အသင်းက စားဖိုမှူးတွေရဲ့ ချက်ပြုတ်တာကို အတူတကွ စားသောက်ရမှာဖြစ်ပါတယ်။ ကစားသမားတွေ ကိုယ်ပိုင်စားဖိုမှူးတွေနဲ့ စားသောက်တာထက် ဒီလိုမျိုး သတ်သတ်မှတ်မှတ်စားသောက်တာကိုသာ တန်ဟက်ခ်ကအလိုရှိပါတယ်။
စားဖိုမှူးတွေကိုလည်း တန်ဟက်ခ်က ငါးနဲ့ဟင်းသီးဟင်းရွက်ပါဝင်တဲ့ ဟင်းလျာတွေ ပိုမိုပြင်ဆင်ပေးဖို့ ညွှန်ကြားထားပါတယ်။ လေးချက်မြောက်အနေနဲ့ကတော့ ကစားသမားတွေရဲ့ BMI (ခန္ဓာကိုယ်ထုအညွှန်းကိန်း) ကို လစဥ်စစ်ဆေးရမယ်လို့ သိရှိရပါတယ်။ နောက်ဆုံးအချက်ကတော့ ယူနိုက်တက်တို့ ဒီနောက်ပိုင်းမှာ အမြဲတမ်းကြုံတွေ့နေရတဲ့ ပြဿနာပဲဖြစ်ပါတယ်။
ကစားသမားတယောက်က ပြဿနာတခုခုရှိတယ်ဆိုရင် အေးဂျင့်ကတဆင့် မပြောဘဲ သူ့ထံတိုက်ရိုက်လာပြောဖို့၊ စောဒကတက်ဖို့ တန်ဟက်ခ်က အလိုရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီအတွင်းမှာပေါ့ဘာ၊ မာစီရယ်လ်နဲ့ လင်ဂတ်တို့ဟာ သူတို့ရဲ့အနာဂတ်ကိစ္စကို အေးဂျင့်ကတဆင့် ပြောလေ့ရှိပြီး ယာယီနည်းပြဟောင်း ရန်းနစ်ဂ်လည်း ဒါကို လူသိရှင်ကြား ထုတ်ပြောခဲ့ဖူးပါတယ်။