တန်ဟက်ခ်က ယူနိုက်တက်အနာဂတ်အကြောင်း ပြောခဲ့တာပါ။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်ဟာ အသင်းရဲ့အနာဂတ်နဲ့ပတ်သက်တဲ့အကြောင်းတွေ ပြောတဲ့အချိန်မှာ ရော်နယ်ဒိုအကြောင်းကို တခွန်းတလေတောင် ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပါဘူး။ လက်ရှိအချိန်မှာ ယူနိုက်တက်ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကိုရောက်ရှိနေပြီး မနေ့ကညနေပိုင်းမှာ လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။



ထိုင်းနိုင်ငံနဲ့ သြစတြေးလျနိုင်ငံတို့မှာ ခြေစမ်းပွဲကစားမယ့် ယူနိုက်တက်လူစာရင်းမှာ ရော်နယ်ဒိုမပါဝင်နိုင်ခဲ့ဘဲ ဒီမတိုင်ခင်မှာလည်း ရော်နယ်ဒိုက အသင်းရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဥ်တွေကို မိသားစုအကြောင်းပြချက်တွေနဲ့ လွဲချော်ခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ရော်နယ်ဒိုကို ရောင်းချဖို့ အစီအစဥ်မရှိသည့်တိုင် တန်ဟက်ခ်ကတော့ လက်ရှိအချိန်ထိ ရော်နယ်ဒိုရဲ့အနာဂတ်နဲ့ ပတ်သက်လို့ တခွန်းတလေတောင် မပြောဆိုသေးပါဘူး။

တန်ဟက်ခ်ဟာ အသင်းရဲ့ရည်မှန်းချက်တွေ၊ ကစားသမားတွေနဲ့နည်းပြအဖွဲ့ဝင်တွေရဲ့ အနေထားကိုသာ ပြောကြားခဲ့ပါတယ်။ “ပရိသတ်တွေက အသင်းအပေါ် အပြည့်အဝပေးဆပ်ထားပြီး အချိန်ကောင်းတွေက ပြန်ရောက်လာဖို့ စောင့်ဆိုင်းနေကြပါတယ်။ သူတို့က ယူနိုက်တက်အတွက် တကယ်ကိုအားဖြစ်စေပါတယ်။ ကျနော့်ကိုလည်း ပုံမှန်ထက် စိတ်ဓာတ်တက်ကြွစေပါတယ်”

“ကျနော်တို့က ဘောလုံးဆုံးတဲ့အချိန်မှာရော၊ ဘောလုံးကိုင်ထားချိန်မှာရော ထိရောက်တက်ကြွတဲ့ ကစားဟန်ကို ပြသဖို့ လိုအပ်ပါတယ်။ ကျနော်တို့ရဲရဲဝံ့ဝံ့နဲ့ ဘောလုံးကိုကိုင်ရမယ်၊ တယောက်နဲ့တယောက် အခွင့်အရေးတွေကို ဖန်တီးပေးရမယ်၊ ဘောလုံးဆုံးသွားတဲ့အချိန်မှာလည်း ဖိအားပေးပြီး ပြန်ရနိုင်အောင် ကျနော်တို့ အတူကြိုးစားရပါမယ်”

“ကျနော်တို့အတွက် အကြီးမားဆုံးအားသာချက်က နှစ်ပတ်လောက် တယောက်နဲ့တယောက် အနီးကပ်လေ့လာနိုင်ခဲ့ပါတယ်။ ကျနော်ကလည်း ကစားသမားတွေအကြောင်းကို သိချင်တယ်၊ သူတို့ကလည်း ကျနော်ရယ်၊ ကျနော့်နည်းပြအဖွဲ့ဝင်တွေရဲ့ အကြောင်းကို လေ့လာချင်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

တန်ဟက်ခ်အနေနဲ့ ဒီအင်တာဗျူးအစီအစဥ်မှာ ရော်နယ်ဒိုအကြောင်း တခွန်းတလေတောင် ထည့်သွင်းပြောကြားသွားခြင်းမရှိတဲ့အပေါ် တန်ဟက်ခ်က ရော်နယ်ဒိုမပါတဲ့ အနာဂတ်ကို တည်ဆောက်နေပြီလားလို့ ထင်မြင်မှုတွေရှိနေပါတယ်။

Share

Loading Next Article...
က္က