အာဆင်နယ်နဲ့ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူဟောင်း အိုဇေးလ်ဟာ သူနောက်ဆုံးကစားခဲ့တဲ့ ဖီနာဘာချီနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် အခြားအသင်းတသင်းကို ပြောင်းရွှေ့ဖို့ ချက်ချင်းဆိုသလို ဆွေးနွေးနေပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အိုဇေးလ်ဟာ ပြီးခဲ့တဲ့ရာသီအတွင်းမှာတင် ဖီနာဘာချီ အသင်းကြီးလူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာပါ။
သူ့ရဲ့ကြံ့ခိုင်မှုအကြောင်းပြချက်တွေကြောင့် မတ် (၂၀) နောက်ပိုင်း အိုဇေးလ်တယောက် ဖီနာဘာချီအတွက် တပွဲမှကစားခွင့်မရရှိခဲ့ပါဘူး။ လက်ရှိနည်းပြသစ် ဂျော့ချ်ဂျီးဆပ်စ်လက်ထက်မှာလည်း အိုဇေးလ်က အသင်းနဲ့အတူ ရာသီကြိုလေ့ကျင့်ခန်းအစီအစဥ်တွေမှာ ပူးပေါင်းခွင့်မရှိတာကြောင့် မနေ့ညကပဲ အသင်းနဲ့တရားဝင် စာချုပ်ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။
အိုဇေးလ်ဟာ ဖီနာဘာချီအတွက် (၃၆) ပွဲကစား၊ (၉) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၃) ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ အဆိုပါအသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် အိုဇေးလ်က တူရကီကလပ်ပဲဖြစ်တဲ့ မက်ဒီပိုလ်းဘာဆက်ခ်ရှာနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သိရှိရပါတယ်။ အိုဇေးလ်ဟာ ဖီနာဘာချီမှာဆက်ကစားဖို့ သူကိုယ်တိုင်ရော၊ အေးဂျင့်ဆိုဂတ်ကပါ ဆန္ဒရှိခဲ့ပေမယ့် ကလပ်အသင်းဘက်ကတော့ ဒီဂျာမနီလက်ရွေးစင်ဟောင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာပါ။
အသက် (၃၃) နှစ်ရှိပြီဖြစ်တဲ့ ဒီကစားသမားဟာ ပြီးခဲ့တဲ့ (၂၀၂၁) ဇန်နဝါရီမှာ အာဆင်နယ်ကနေ ဖီနာဘာချီကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဖီနာဘာချီမှာလည်း အိုဇေးလ်တယောက် အဆင်မပြေခဲ့ဘဲ အခုလိုမျိုးပဲ စာချုပ်ဖျက်သိမ်းခဲ့ရပါတယ်။
အိုဇေးလ်ဟာ ရီးရဲလ်မက်ဒရစ်၊ အာဆင်နယ်၊ ဂျာမနီလက်ရွေးစင်အသင်းတို့နဲ့အတူ အောင်မြင်မှုတွေရရှိခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲကတယောက်အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ သူ့ရဲ့ကစားသမားဘဝကျဆင်းချိန်ကို ရောက်ရှိနေပြီး အိုဇေးလ်တယောက် အကောင်းဆုံးတုံ့ပြန်နိုင်ဖို့ ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။