ယူနိုက်တက်က လီဗာပူးကို အနိုင်ယူပြီး Bangkok Century Cup ကို ရရှိခဲ့တာပါ။

နှစ်သင်းရဲ့ ဒီနွေရာသီ ပထမဆုံးခြေစမ်းပွဲမှာ ယူနိုက်တက်ကတော့ နည်းပြပြောင်းသွားပြီး လူသစ်ကလည်း မာလာစီယာ တယောက်တည်းသာ ခေါ်ထားနိုင်တာကြောင့် ရော်နယ်ဒိုမပါဝင်တဲ့ အရင်လူစာရင်းဟောင်းကိုသာ ပြန်လည်အသုံးပြုခဲ့ရတယ်လို့ ဆိုရမှာပါ။ တန်ဟက်ခ်တယောက် ပွဲဦးထွက်မှာ နာမည်ပျက်ချင်ပုံမပေါ်တာကြောင့် မက်ဂွိုင်းရားမပါဝင်ဘဲ ဘရူနိုဖာနန်ဒက်စ်ကို အသင်းခေါင်းဆောင်ပေးခဲ့တာကလွဲလို့ လူစုံတက်စုံကို အသုံးပြုခဲ့တာဖြစ်ပါတယ်။



လီဗာပူးကတော့ ကာဗယ်လ်ဟို ပွဲထွက်လာခဲ့ပြီး အယ်လစ်ဆန်၊ ဂိုးမက်ဇ်၊ ဟန်ဒါဆန်၊ အီလီယော့၊ ဒီယက်ဇ်၊ ဖေမီနိုတို့နဲ့ လူငယ်လူကြီး မျှတအောင် ပွဲထွက်လာခဲ့ပါတယ်။ ယူနိုက်တက်က ဒီပွဲမှာ တန်ဟက်ခ် ပုံသွင်းချင်တဲ့ အနေအထားမျိုးကို အပြည့်အဝမဟုတ်တောင် နည်းနည်းလေးပဲဖြစ်ဖြစ် ပြနိုင်ခဲ့တယ်လို့ ပြောရမှာပါ။

လိုအပ်ချက်တွေရှိနေသေးသည့်တိုင် လုပ်ရဲကိုင်ရဲအောင် တန်ဟက်ခ်တယောက် သေချာမောင်းနှင်ထားပုံရပြီး ရပ်ရှ်ဖို့ဒ်၊ ဆန်ချို၊ မာရှယ်တို့ သုံးယောက်လုံးဆီက ပျမ်းမျှထက်ပိုတဲ့ ယုံကြည်မှုနဲ့ ကစားအားကို မြင်တွေ့ခဲ့ရပါတယ်။ ဘရူနိုဖာနန်ဒက်စ်ရဲ့ Passing အချို့က အတွေ့အကြုံနုတဲ့ လီဗာပူးနောက်တန်းကို တချက်တချက် ကောင်းကောင်းဖြိုချနိုင်ခဲ့ပါတယ်။

လီဗာပူးကလည်း လူငယ်၊ လူကြီးမျှအောင်ထည့်ထားတဲ့ အနေအထားမှာ ကစားသမားတွေ ပုံမှန်ခြေစွမ်းပြဖို့တောင် ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီယက်ဇ်ရဲ့ ကန်ချက်တွေတိုင်ထိထွက်၊ ဒီဂီယာပုတ်ထုတ်ခဲ့ရတာ၊ ကာဗယ်လ်ဟိုရဲ့ ကန်ချက်ကိုလည်း ဒီဂီယာ လက်စွမ်းပြကာကွယ်ခဲ့တာတွေကြောင့်လည်း ကံဆိုးခဲ့ရပါတယ်။ ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို လီဗာပူးနောက်တန်း ရှင်းထုတ်ပုံ မသေသပ်တာကတဆင့် ဆန်ချိုက လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းယူခဲ့ပါတယ်။

အဲ့ဒီနောက်မှာလည်း လီဗာပူးနောက်တန်းက အမှားအယွင်းတွေ များပြားခဲ့ပြီး ဖရက်ဒ်က ရှေ့ထွက်နေတဲ့ အယ်လစ်ဆန်ကို ဧရိယာထိပ်ကနေကျော်ကန်ပြီး အသင်းအတွက် ဒုတိယမြောက်သွင်းဂိုး သွင်းယူပေးခဲ့ပါတယ်။ နှစ်ဂိုးပေးလိုက်ရတဲ့နောက် ကလော့ပ်က ဂိုးသမားတယောက်ကလွဲလို့ ကျန်တဲ့ ကစားသမား (၁၀) ယောက်လုံးကို အပြောင်းအလဲလုပ်ခဲ့ပြီး ဆီမီကတ်စ်၊ ကာတစ်ဂျုံးစ်၊ မာတစ်ပ်၊ မီလ်နာ၊ ချမ်ဘာလိန်တို့ ဝင်ကစားခဲ့ပါတယ်။

ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ လီဗာပူးနောက်တန်းရဲ့ အမှားကနေပဲ မာရှယ်က လွတ်လွတ်ကျွတ်ကျွတ် ပြေးထွက်သွားပြီး အသင်းအတွက် တတိယမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပထမပိုင်းမှာတော့ ယူနိုက်တက်တို့ လီဗာပူးကို သုံးဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ ယူနိုက်တက်ကလည်း ဒီဂီယာကလွဲရင် ကစားသမား (၁၀) ယောက်လုံး အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။ ဗန်ဒီဘိခ်၊ ဝမ်ဘစ်ဆာကာ၊ ဘာယီ၊ အဲလက်စ်တဲလက်စ်၊ ဒီယာလို၊ အီလန်ဂါတို့အပါအဝင် လူသစ် မာလာစီယာနဲ့ ချာလီဆားဗေ့ချ်၊ ဇီဒန်းအစ်ဘယ်လ်၊ ပယ်လစ်စထရီတို့ လူစားဝင်ကစားခဲ့ပါတယ်။ လီဗာပူးကတော့ အယ်လစ်ဆန်နေရာ အက်ဒရီယန် ဝင်ကစားခဲ့ပါတယ်။


ဒုတိယပိုင်းမှာတော့ လီဗာပူးက ယူနိုက်တက်ထက် ကစားပုံ ပိုကောင်းလာခဲ့တယ်ဆိုပေမယ့် ချေပဂိုး သွင်းနိုင်လောက်တဲ့အထိ မဖြစ်ခဲ့ပါဘူး။ အဲ့ဒီနောက် မိနစ် (၆၀) မှာ လီဗာပူးက သီယာဂို၊ ဗန်ဒိုက်ချ်၊ ဖာဘင်ဟို၊ ကိုနာတေး၊ ဆာလာ၊ ဒါဝင်နူနက်ဇ်၊ အာနိုးလ်၊ ရော်ဘတ်ဆန်၊ ကီတာတို့ကို အစုံအလင် ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ နူနက်ဇ်ရဲ့ ကန်ချက်တကြိမ်ကို ယူနိုက်တက်က လူစားဝင်ဂိုးသမား တွမ်ဟီတန် လက်စွမ်းပြ ကာကွယ်ခဲ့ရပါသေးတယ်။


ဒုတိယပိုင်းမှာ ယူနိုက်တက်ဘက်က အဓိကချီးကျူးရမယ့် ကစားသမားက အဲရစ်ဘာယီလို့ပြောရမှာဖြစ်ပြီး ပြိုင်ဘက် လီဗာပူးရဲ့ ထိုးဖောက်တိုက်စစ်ဆင်မှုတွေကို နည်းမျိုးစုံနဲ့ ဟန့်တားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပယ်လစ်စထရီရဲ့ သွင်းဂိုးအတွက်လည်း ဘာယီက အကောင်းဆုံး အစပြုပေးခဲ့တဲ့ ကစားသမားဖြစ်ပြီး ဒီဂိုးမှာ ဒီယာလိုရဲ့ ဖန်တီးပေးမှုကတဆင့် ပယ်လစ်စထရီက လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းယူသွားခဲ့ပါတယ်။


နည်းပြတန်ဟက်ခ်အတွက်ကတော့ ဒီနိုင်ပွဲက ကျေနပ်စရာနိုင်ပွဲတပွဲဖြစ်ခဲ့ပြီး ယူနိုက်တက်ကလည်း Bangkok Century Cup ရဲ့ ချန်ပီယံဖြစ်ခဲ့ရပါတယ်။ ယူနိုက်တက်ဟာ မနက်ဖြန်မှာ သြစတြေးလျကို ခရီးဆက်ကာ မဲလ်ဘုန်းဗစ်ထရီ၊ ခရစ္စတယ်ပဲလေ့စ်၊ အက်စတွန်ဗီလာတို့နဲ့ ဆက်လက်ကစားရဦးမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က