ယူနိုက်တက်နည်းပြ တန်ဟက်ခ်ဟာ လီဗာပူးကို အနိုင်ရရှိခဲ့တဲ့ရလဒ်အပေါ် သာယာနေလို့မရကြောင်း၊ တဖက်လီဗာပူးက အတောင့်တင်းဆုံးအသင်းမဟုတ်သေးကြောင်း၊ ယူနိုက်တက်အနေနဲ့လည်း တိုးတက်မှုတွေရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
မနေ့ညက ဘန်ကောက်မြို့မှာကစားခဲ့တဲ့ အဆိုပါပွဲမှာ ယူနိုက်တက်က ဆန်ချို၊ ဖရက်ဒ်၊ မာရှယ်လ်၊ ပယ်လစ်စထရီတို့ရဲ့ သွင်းဂိုးတွေနဲ့ လေးဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။ ဒီပွဲဟာ တန်ဟက်ခ်အတွက်လည်း ယူနိုက်တက်နည်းပြဘဝအဖွင့်ပွဲဖြစ်ခဲ့ပြီး အဖွင့်မျက်နှာပန်းလှခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ အသင်းအခြေအနေအပေါ် တန်ဟက်ခ်က အခုလိုပဲ ပြောပါတယ်။
“ဒီနေ့ပွဲရလဒ်ကို ကျနော် ကျေနပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယူနိုက်တက်က ထိပ်တန်းအဆင့်စိတ်ဓာတ်ရှိတဲ့ အသင်းတသင်းဖြစ်ပြီး ဒါကို အစပြုနိုင်မယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဖိအားပေးကစားခဲ့တယ်၊ ဒီနေရာမှာလည်း အမှားအယွင်းတွေရှိခဲ့ပြီး ပြိုင်ဘက်ကို အခွင့်အရေးအချို့ ပြန်ပေးခဲ့ရပါတယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့လည်း အခွင့်အရေးအများကြီး ပြန်လည်ဖန်တီးနိုင်ခဲ့ပါတယ်”
“ကျနော့်ကစားသမားတွေက ရဲရင့်တက်ကြွစွာ ကစားခဲ့တယ်လို့ ကျနော်ထင်ပြီး အမှားတွေထပ်မလုပ်မိအောင်လည်း သေချာကြိုးစားရမှာပါ။ ဒါပေမယ့် အခု ပထမဆုံးပွဲနဲ့ပတ်သက်လို့တော့ ကျနော်တို့ ပျော်တာပေါ့။ ကစားသမားကောင်းတွေရှိတာကို ကျနော်သိထားပြီး အခု ပထမပွဲမှာ နိုင်ခဲ့တဲ့အတွက် ကျနော်လည်း ပျော်ပါတယ်။ ဒါပေမယ့် အချိန်တော့ ယူရဦးမှာပေါ့”
“ကျနော့်ကိုတော့ ယုံကြည်ပါ။ ကျနော့်အသင်းမှာ အမှားတွေအများကြီး ကျနော်တွေ့ခဲ့ပါသေးတယ်။ လီဗာပူးက မတူညီတဲ့အသင်းသုံးသင်းနဲ့ ကစားခဲ့တာပါ။ သူတို့ရဲ့အကောင်းဆုံးအနေအထားမဟုတ်ပါဘူး။ ဒီရလဒ်အပေါ်မှာ သာယာနေလို့၊ အကောင်းမြင်လွန်းနေလို့မရပါဘူး။ ဂရုစိုက်ရပါမယ်။ ဒါပေမယ့် တဖက်မှာလည်း တကယ်ကို ကောင်းတဲ့အရာတချို့ရှိခဲ့ပါတယ်။ ဖန်တီးနိုင်စွမ်းနဲ့ တိုက်စစ်ကမြန်နှုန်းတွေပေါ့။ ကျနော်တို့မှာ အလားအလာရှိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။