ဂျာမနီလက်ရွေးစင်ဟောင်း အိုဇေးလ်ရဲ့ ဒီတခါအသင်းပြောင်းပုံက တော်တော်လေး ထူးဆန်းတယ်လို့ ပြောရမှာပါ။ အိုဇေးလ်ဟာ ဖီနာဘာချီနဲ့ စာချုပ်ဖျက်သိမ်းကြောင်း တရားဝင်ကြေညာပြီးတဲ့နောက် (၂၉) မိနစ်အကြာမှာပဲ အခြားအသင်းတသင်းကို ရောက်ရှိကြောင်း တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။
ဖီနာဘာချီဟာ ပြီးခဲ့တဲ့ (၂၀၂၁) ဇန်နဝါရီမှာ အသင်းကိုရောက်ရှိလာတဲ့ အိုဇေးလ်နဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းကြောင်းကို မနေ့ည (၈) နာရီ (၁) မိနစ်မှာ သူတို့ရဲ့ တွစ်တာအကောင့်ကတဆင့် တရားဝင်ကြေညာခဲ့ပါတယ်။ အဲ့ဒီနောက် (၂၉) မိနစ်အကြာ ည (၈) နာရီ မိနစ် (၃၀) မှာတင် အခြားသော တူရကီကလပ်အသင်းတသင်းပဲဖြစ်တဲ့ အစ္စတန်ဘူလ်ဘာဆက်ဆီဟာက အိုဇေးလ်ကို ခေါ်ယူလိုက်ကြောင်း ကြေညာခဲ့တာပါ။
ကြားထဲမှာ အချိန်ကွာဟချက်က (၂၉) မိနစ်သာရှိပြီး မီဒီယာစာမျက်နှာတွေထက်မှာ ရေပန်းစားနေခဲ့ပါတယ်။ တကယ်တမ်းမှာတော့ အိုဇေးလ် ဖီနာဘာချီနဲ့ စာချုပ်ဖျက်သိမ်းတဲ့သတင်းက အရင်တည်းက ထွက်ပေါ်ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်မှာတည်းက အိုဇေးလ်က ဘာဆက်ဆီဟာနဲ့ ဆွေးနွေးနေခဲ့တာပါ။ ဆွေးနွေးမှုတွေက လျင်လျင်မြန်မြန် အလုပ်ဖြစ်ခဲ့ပုံရပြီး ဖီနာဘာချီက တရားဝင်ကြေညာပြီးတဲ့နောက် မိနစ်ပိုင်းအတွင်းမှာတင် အိုဇေးလ်က အခြားအသင်းရဲ့ တရားဝင်ကစားသမားဖြစ်သွားခဲ့တာပါ။
အိုဇေးလ်ဟာ ဖီနာဘာချီမှာ ကစားသမားဘဝ (၁) နှစ်ခွဲသာ ဖြတ်သန်းခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့မတ်လတည်းက အသင်းကြီးလူစာရင်းကနေ ဖယ်ရှားခံခဲ့ရပါတယ်။ အိုဇေးလ်ဟာ နည်းပြသစ် ဂျော့ချ်ဂျီးဆပ်စ်လက်ထက်မှာ နေရာပြန်ရဖို့ မျှော်လင့်ခဲ့ပေမယ့် အခြေအနေတွေက ပြောင်းလဲမှုမရှိခဲ့တာကြောင့် အခုလိုပဲ အသင်းနဲ့ လမ်းခွဲလိုက်တာပါ။
အိုဇေးလ်ရဲ့ လက်ရှိအသင်းသစ် ဘာဆက်ဆီဟာ,ဟာ တူရကီလိဂ်မှာ ရည်မှန်းချက်ကြီးမားတဲ့အသင်းတသင်းဖြစ်ပြီး အရင်ကလည်း ရော်ဘင်ဟို၊ ဒမ်ဘာဘား၊ အဒီဘာယောတို့လို နာမည်ကြီးကစားသမားတွေကို ခေါ်ယူခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ (၂၀၂၀-၂၁) ဘောလုံးရာသီမှာလည်း ဒီအသင်းက ယူနိုက်တက်ကို ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ၂-၁ ဂိုးနဲ့ အနိုင်ယူခဲ့ဖူးပါသေးတယ်။