ကလော့ပ်က ယူနိုက်တက်ကစားပုံကို မှတ်ချက်ပေးခဲ့တာပါ။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က ယူနိုက်တက်နဲ့လီဗာပူးပွဲအပြီး ပြိုင်ဘက် လီဗာပူးနည်းပြ ကလော့ပ် ပြောကြားခဲ့တဲ့စကားတွေကို ငြင်းဆန်ပယ်ချလိုက်ပါတယ်။ ဘန်ကောက်မှာကစားခဲ့တဲ့ အဆိုပါပွဲစဥ်မှာ ယူနိုက်တက်က လီဗာပူးကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။



ဒီပွဲအပြီးမှာ ကလော့ပ်က ယူနိုက်တက်က တယောက်ချင်းလူကပ်ကစားပုံကြောင့် လီဗာပူးအနေနဲ့ အခက်တွေ့ခဲ့ပြီး တိုက်စစ်အစပြုချိန်မှာ ဘောလုံးကို ခပ်ဝေးဝေးပေးရကာ ကစားပုံပျက်ခဲ့ရကြောင်း ပြောကြားခဲ့တာပါ။ ဒါပေမယ့် ဒီကနေ့ညနေ မဲလ်ဘုန်းမြို့မှာ ကစားမယ့် မဲလ်ဘုန်းဗစ်ထရီနဲ့ ခြေစမ်းပွဲမတိုင် သတင်းစာရှင်းလင်းပွဲမှာ တန်ဟက်ခ်က အခုလိုပဲ ဖြေရှင်းလာပါတယ်။

“ကျနော်တို့က တယောက်ချင်းလူကပ်ကစားခဲ့တယ်လို့ ပြောလို့မရပါဘူး။ အချို့အခိုက်အတန့်တွေမှာ တယောက်ချင်းလိုက်ကပ်ခဲ့တာတွေတော့ရှိတာပေါ့။ ကျနော်တို့က တချိန်လုံးဖိအားပေးကစားချင်ပြီး တက်တက်ကြွကြွနဲ့ ကစားချင်တာပါ။ တခါတလေ ကျနော်တို့ ဒီလိုလုပ်နိုင်ပေမယ့် မဖြစ်နိုင်တာမျိုးတွေရှိပါတယ်”

“အဲ့ဒီအခါကျရင် ကျနော်တို့က အသင်းလိုက်အနေနဲ့ ပွဲကိုဖတ်ရှုပြီး နည်းနည်းချင်းစီ ပြန်လျှော့ရပါတယ်။ ဒါပေမယ့် ကျနော်တို့က ဖိအားပေးကစားဟန်ကိုပဲ ကစားချင်ပြီး ဒါက နေ့တိုင်းအတွက် ရည်ရွယ်ချက်ပါပဲ။ အသင်းရဲ့နေရာစုံကနေ လုပ်ဆောင်နိုင်စွမ်းကို ကျနော် လိုချင်ပါတယ်။ ဒါက အရေးကြီးဆုံးအချက်ပါ”

“ကစားသမားတွေအနေနဲ့ ဘောလုံးရချိန်၊ ဆုံးရှုံးနေချိန်၊ တိုက်စစ်ဆင်နေချိန်၊ ခံစစ်ကစားနေရချိန်တွေမှာ ကောင်းမွန်တဲ့အစပျိုးမှုတွေပြုလုပ်နိုင်ဖို့က အရေးကြီးပါတယ်” လို့ တန်ဟက်ခ်က တုံ့ပြန်သွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီကနေ့ညနေမှာ မဲလ်ဘုန်းဗစ်ထရီနဲ့ ကစားပြီးနောက် လာမယ့် ဇူလိုင် (၁၉) မှာ ခရစ္စတယ်ပဲလေ့စ်၊ ဇူလိုင် (၂၃) မှာ အက်စတွန်ဗီလာတို့နဲ့ ဆက်လက်ကစားရမှာပါ။

Share

Loading Next Article...
က္က