တားဆေးတွေဖြတ်လိုက်ပြီးနောက် ကိုယ်ဝန်မရနိုင်တော့ဘူးဆိုတာ ရာနှုန်းပြည့်မမှန်ပါဘူး။

သန္ဓေတားဆေးတွေ အသုံးများပြီးနောက် နောက်ပိုင်းမှာတားဆေးဖြတ်လိုက်ပေမယ့်လည်း ကိုယ်ဝန်မရနိုင်တော့ဘူးလားဆိုတဲ့ သံသယမေးခွန်းတွေကို အမျိုးသမီးတွေကအများဆုံးမေးတတ်ကြပါတယ်။ တကယ်တော့ တားဆေးတွေ ဖြတ်လိုက်ပြီးနောက်ပိုင်းမှာ ကိုယ်ဝန်မရနိုင်တော့ဘူးဆိုတာက ရာနှုန်းပြည့်မှန်တယ်တော့ မဟုတ်ပါဘူး။



တားဆေးသောက်တာများရင် ကိုယ်ဝန်မရနိုင်တော့ဘူးလား။

ဒီအဖြေက ရာနှုန်းပြည့်တော့မမှန်ပါဘူး။ အချိန်အတိုင်းအတာတစ်ခုထိတော့ မှန်နိုင်ပေမယ့် အမြဲတမ်းဒီလိုချည်းဖြစ်နိုင်တာမျိုးမဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ်တုံ့ပြန်ပုံချင်း မတူတာတွေကြောင့် တစ်ချို့ကလည်း ကိုယ်ဝန်ပြန်ရနိုင်သလို တစ်ချို့ကလည်း ကိုယ်ဝန်ရဖို့ ကြန့်ကြာနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဥပမာ- တားဆေးတွေ ရပ်လိုက်တာချင်းတူတူတောင် ကိုယ်ဝန်ပြန်ရဖို့ အသက်ငယ်တဲ့သူနဲ့ အသက် ၄၀ နောက်ပိုင်း သူတွေကိုကြည့်မယ်ဆိုရင် အသက်ငယ်တဲ့သူကတော့ ကိုယ်ဝန်ပြန်ရဖို့ ရာခိုင်နှုန်းပိုများနိုင်ပါတယ်။

ကိုယ်ဝန်တားဆေး (၂) မျိုးနဲ့ ကိုယ်ဝန်ပြန်ရနိုင်ခြေရှိ/မရှိ အခြေအနေ

ကိုယ်ဝန်တားဆေးလို့ ဆိုတဲ့အခါမှာ မြန်မာနိုင်ငံမှာတော့ အဓိက သောက်ဆေးနဲ့ထိုးဆေး (၂) မျိုးရှိပါတယ်။ သောက်ဆေးဆိုတာက အမျိုးသားနဲ့ အတူနေသူတိုင်း နေ့တိုင်းသောက်ရတာဖြစ်ပြီး သောက်ဖို့မေ့သွားရင်တော့ ကိုယ်ဝန်ရှိနိုင်ပါတယ်။ ဒါကြောင့် သောက်ဆေး အမြဲတမ်းသောက်နေမိလို့ ကလေးမရနိုင်ဘူးဆိုတာတော့ သိပ်အမှန်ကြီးတော့မဟုတ်ပါဘူး။ သောက်ဖို့မေ့သွားခဲ့ရင်တော့ ကိုယ်ဝန်ပြန်ရနိုင်ပါတယ်။ ထိုးဆေးကတော့ အများအားဖြင့် (၃)လခံထိုးဆေးဖြစ်တဲ့အတွက် သောက်ဆေးလို သောက်ဖို့ မေ့တာနဲ့တော့ အလွယ်တကူ ကိုယ်ဝန်မရနိုင်ဘူး။ ဒါပေမယ့် သန္ဓေတားဆေးနဲ့ပတ်သက်ပြီး ကိုယ်ဝန်ရဖို့ ခက်ခဲတဲ့ တားဆေးဆိုတာမျိုးတော့ မရှိပါဘူး။ ကိုယ်ဝန်ပြန်ရဖို့အတွက် မိမိက တားဆေးကို နှစ်ရှည်အကြာကြီးသုံးလာတာလား၊ အသက် (၄၀) ကျော်သွားတာလား ဒီလို အခြေအနေတွေကို ပြန်သုံးသပ်ပြီးမှ ကိုယ်ဝန်ပြန်ရနိုင်၊ မရနိုင် ဆုံးဖြတ်နိုင်တာဖြစ်ပါတယ်။

ကိုယ်ဝန်တားဆေးတွေရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေ

သုံးလခံ သန္ဓေတားဆေးတွေနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေ အကြောက်ရဆုံးအရာကတော့ ခန္ဓာကိုယ်ဝိတ်တက်တာပါ။ ဒါပေမယ့် (၃) လမှ တစ်ခါ ပုံမှန်ထိုးရပြီး သောက်ဆေးလို ဆေးသောက်ဖို့ မေ့သွားလို့ ကိုယ်ဝန်ရမလားဆိုတာမျိုးတော့ စိတ်ပူဖို့ မလိုပါဘူး။ ဒါပေမယ့် ထိုးဆေးက တစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ် တုံ့ပြန်မှုပေါ်မူတည်ပြီး အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ထိုးဆေးကြောင့် အများအားဖြင့် လူ (၁၀၀) မှာ (၈၀) လောက်က ရာသီသွေးမလာတာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမယ် စိုးရိမ်ဖို့ မလိုပါဘူး။ တစ်ချို့ကျတော့လည်း တစ်လတစ်ခါ ပုံမှန်ရာသီသွေးလာသလို တစ်ချို့ကျတော့လည်း လုံးဝမလာတာ၊ နည်းနည်းပဲ လာတာမျိုးဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ မိမိက ရာသီသွေးပုံမှန်လာတာမျိုးမှ အဆင်ပြေတာမျိုးဆိုရင်တော့ ထိုးဆေးအတွက် စဉ်းစားဖို့လိုပါတယ်။

သောက်ဆေးအနေနဲ့ ကတော့ သောက်ဖို့ မေ့သွားတဲ့အခါ ကိုယ်ဝန်ရှိနိုင်ပါတယ်။ နောက်ပြီး နှစ်ပေါင်းများစွာ သောက်လာတဲ့အခါ အသက် (၄၀) ကျော်နောက်ပိုင်းမှာ သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ နှလုံးသွေးကြောမှာ ဆိုးကျိုးသက်ရောက်မှုတွေ ရှိစေနိုင်ပါတယ်။

တားဆေးအသုံးပြုခြင်းနဲ့ပတ်သက်ပြီး အမျိုးသမီးတွေအတွက်အကြံပြုချက်

တားဆေးတွေမှာ သောက်ဆေး၊ထိုးဆေးနဲ့ပတ်သက်ပြီး ဘယ်အရာမဆို နှစ်ရှည်မသုံးသင့်ပါဘူး။ တစ်မျိုးကို နှစ်နှစ်စီ၊ သုံးနှစ်စီ စသဖြင့် တစ်လှည့်စီသုံးတာမျိုး လုပ်ပါ။ ရာသီသွေးပုံမှန်လာချင်တဲ့သူက သုံးလဆေး သွားထိုးတဲ့အခါမှာ စိတ်အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ သောက်ဆေးကတော့ ရာသီသွေးပုံမှန်လာတာမျိုးဖြစ်နိုင်ပေမယ့် မေ့သွားရင်တော့ ကိုယ်ဝန်ရှိနိုင်တယ်ဆိုတာကိုသတိပြုပါ။ ဒါကြောင့်မို့ ဘယ်အရာမဆို ကောင်းကျိုး၊ဆိုးကျိုး ဒွန်တွဲနိုင်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ကိုယ့်အခြေအနေပေါ်မူတည်ပြီး ဘယ်လိုတားဆေးတွေ အသုံးပြုမလဲဆိုတာ ရွေးချယ်စဉ်းစားတတ်ဖို့လိုပါတယ်။

သတင်းဆောင်းပါးပါအချက်အလက်များသည် ပန်းလှိုင်အထူးကုဆေးရုံကြီးမှ ဝါရင့်သားဖွားနှင့်မီးယပ် အထူးကု ဆရာမကြီး ဒေါက်တာခိုင်မြတ်မင်းက အကြံပြုမျှဝေဆွေးနွေးပေးထားခြင်းဖြစ်ပါသည်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က