လော့စ်အိန်ဂျယ်လိစ်ရဲ့ ကစားသမားသစ် ဂါရတ်ဘေးလ်ဟာ အသင်းသစ်နဲ့ ပွဲဦးထွက်အဖြစ် နက်ရှ်ဗေးလ်နဲ့ ကစားခဲ့တဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပါတယ်။ အဲ့ဒီပွဲမှာ လော့စ်အိန်ဂျယ်လိစ်ကလည်း ပြိုင်ဘက်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲမှာ ဂါရတ်ဘေးလ်က ပွဲကစားချိန် (၇၂) မိနစ်မှ အရံခုံကနေ လူစားဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကွင်းထဲရောက်ရောက်ချင်း သူ့ရဲ့ စွမ်းဆောင်ရည်ကတော့ ပရိသတ်တွေအတွက် သဘောကျနှစ်သက်စရာဖြစ်ခဲ့တယ်လို့ အမွှန်းတင်ချီးကျူးနေကြပါတယ်။
အဆိုပါ ဝေးလ်စ်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ သူ့ရဲ့ ပထမဆုံးဘောလုံးထိချက်ကို အမှားအယွင်းမရှိအောင် ပေးပို့နိုင်ခဲ့သလို ဒုတိယမြောက် ဘောလုံးထိချက်မှာတော့ ကွင်းထဲမှာရှိတဲ့ ပရိသတ်အားလုံးကို သဘောကျသွားအောင် လုပ်ပြနိုင်ခဲ့ပါတယ်။ ဂါရတ်ဘေးလ်ဟာ ပြိုင်ဘက်ကစားသမားကို လှည့်စားပြီး ဘောလုံးကို နောက်ပေါက်နဲ့ အသင်းဖော်ဆီ အရောက်ပေးပို့နိုင်ခဲ့တာပါ။
ဂါရတ်ဘေးလ်ရဲ့ ဒီတကွက်ကိုတော့ လော့စ်အိန်ဂျယ်လိစ်ပရိသတ်တွေရော၊ ပြိုင်ဘက် နက်ရှ်ဗေးလ်ပရိသတ်တွေပါ သဘောကျခဲ့ရပြီး ကွင်းအတွင်းမှာ ဆူညံနေအောင် အားပေးခဲ့ကြပါတယ်။ ဒါ့အပြင် ပရိသတ်တွေကလည်း ဂါရတ်ဘေးလ်အနေနဲ့ မေဂျာလိဂ်ရဲ့ ပွဲဦးထွက် ပထမဆုံး ဘောလုံးထိချက်နှစ်ချက်မှာတင် ပရိသတ်တွေရဲ့နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့ပြီလို့လည်း တင်စားနေကြပါတယ်။
ဒီပွဲမှာ လော့စ်အိန်ဂျယ်လိစ်အတွက် ဂါရတ်ဘေးလ်အပြင် အီတလီနာမည်ကျော် နောက်ခံလူကြီး ချီလီနီလည်း ပါဝင်ကစားပေးခဲ့ပါတယ်။ ချီလီနီကတော့ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ လူစားလဲခဲ့ပါတယ်။ ဂါရတ်ဘေးလ်ကလည်း ပွဲအပြီးမှာ ပရိသတ်တွေကို အမှတ်တရလက်မှတ်ရေးထိုးပေးသွားခဲ့ပြီး ပရိသတ်တွေကလည်း ဒီကစားသမားကို တခဲနက် ပြန်လည်အားပေးခဲ့ကြပါတယ်။