ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲပြီးနောက် လက်ရှိအချိန်မှာ မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျယ်လိစ်မှာ ကစားနေတဲ့ ဂါရတ်ဘေးလ်က ပေါ့ဘာ၊ စတာလင်တို့လို နာမည်ကျော်တွေ အတုယူသင့်တဲ့ လုပ်ရပ်မျိုးကို လုပ်ပြခဲ့ပါတယ်။ ပေါ့ဘာနဲ့စတာလင်တို့နှစ်ယောက်လုံးကလည်း လက်ရှိနွေရာသီမှာ ကိုယ်စီအသင်းပြောင်းခဲ့ကြပါတယ်။
ပေါ့ဘာက ယူနိုက်တက်ကနေ ဂျူဗင်တပ်စ်၊ စတာလင်က မန်စီးတီးကနေ ချဲလ်ဆီးတို့ကို ပြောင်းရွှေ့ခဲ့ပြီး နှစ်ယောက်လုံး တူညီတဲ့ အပြုအမူတခုကို ကျူးလွန်ခဲ့ပါတယ်။ ပေါ့ဘာဟာ ယူနိုက်တက်ကနေ အကွဲအပြဲတွေနဲ့ ထွက်ခွာခဲ့ရတာဖြစ်ပြီး ဂျူဗင်တပ်စ်ကို ရောက်ရှိတဲ့နောက် ယူနိုက်တက်ဂျာစီမှာ လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ခဲ့ပါတယ်။
ဒါ့အပြင် စတာလင်ကလည်း မန်စီးတီးနဲ့ ကောင်းမွန်သော လမ်းခွဲခြင်းနဲ့ လမ်းခွဲခဲ့ရသည့်တိုင် ချဲလ်ဆီးကို ရောက်ရှိပြီးနောက် မန်စီးတီးဂျာစီမှာ လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ခဲ့ပြန်ပါတယ်။ နှစ်ယောက်လုံးရဲ့ အပြုအမူကတော့ ပရော်ဖက်ရှင်နယ်ဆန်တဲ့ အပြုအမူလို့လည်း ပြောနိုင်ပေမယ့် ပရိသတ်အချို့ကတော့ ဝေဖန်မှုတွေရှိနေကြပါတယ်။
ဒါပေမယ့် အခု ဂါရတ်ဘေးလ်ကတော့ လော့စ်အိန်ဂျယ်လိစ်ကို ရောက်ရှိသွားခဲ့သည့်တိုင် ရီးရဲလ်မက်ဒရစ်ဂျာစီမှာ လက်မှတ်ထိုးပေးဖို့ တောင်းဆိုခဲ့တဲ့ ပရိသတ်ရဲ့ ဆန္ဒကို လိုက်လျောပေးခဲ့ပါတယ်။ လော့စ်အိန်ဂျယ်လိစ်နဲ့ နက်ရှ်ဗေလ်းလ်တို့ ကစားခဲ့တဲ့ ပွဲစဥ်မတိုင်ခင်မှာ ဂါရတ်ဘေးလ်က ပရိသတ်တွေအတွက် အမှတ်တရ လက်မှတ်ရေးထိုးပေးခဲ့ချိန်မှာ ဒီလိုမျိုး ကြုံတွေခဲ့ရတာပါ။
ဂါရတ်ဘေးလ်ကတော့ ပြုံးပြုံးကြီးနဲ့ လက်မှတ်ရေးထိုးပေးခဲ့ပေမယ့်လည်း အချို့ကတော့ သူ့အနေနဲ့ ရီးရဲလ်မက်ဒရစ်ဂျာစီဖြစ်မှန်း သတိမထားမိခဲ့ပုံပဲလို့လည်း ဆိုနေကြပါတယ်။ ပရိသတ်တွေက “ဂါရတ်ဘေးလ်က စိတ်ထဲမှာတော့ ငါနောက်တခါ ဒါမျိုးမလုပ်သင့်တော့ဘူးလို့ တွေးနေမှာပါ” “ငါ ရီးရဲလ်မက်ဒရစ်က ထွက်လာတာတောင် ပရိသတ်တွေက ငါ့နောက်လိုက်လာတုန်းပဲလို့ တွေးနေလိမ့်မယ်” “ဂါရတ်ဘေးလ် တော်တော်လန့်သွားတယ်ဗျ” လို့ အမျိုးမျိုး မှတ်ချက်ပေး နောက်ပြောင်ခဲ့ကြပါတယ်။