ချဲလ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်က အာဆင်နယ်ကို လေးဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲအပြီးမှာ အသင်းကို အပြစ်တင်ခဲ့သလို သူ့ရဲ့အပြစ်တင်ပုံကလည်း အာဆင်နယ်ကိုပါ ထိုးနှက်သွားသလိုဖြစ်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ အာဆင်နယ်ကိုရှုံးနိမ့်ပြီးနောက် ရာသီကြိုခြေစမ်းပွဲနှစ်ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့တာပါ။
ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ မန်စီးတီး၊ လီဗာပူးတို့ရဲ့နောက် တတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခု ရာသီကြိုကာလမှာတောင် ဒီလိုမျိုးခြေစွမ်းနဲ့ ဒီနှစ်သင်းကို လိုက်မှီနိုင်ဖို့ မဖြစ်နိုင်ကြောင်း တူဟယ်လ်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။
တူဟယ်လ်က “ကျနော့်ရဲ့ နောက်ဆုံးနှစ်ပတ်အနေအထား၊ ဒီကနေ့ပွဲအနေအထားကို ကြည့်လိုက်ရင် ကျနော်တို့အပေါ်က နှစ်သင်း (မန်စီးတီးနဲ့လီဗာပူး) အကြောင်းကို သွားပြောနေလို့မရပါဘူး။ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်တောင်ဝင်ခွင့်မရတဲ့အသင်း၊ ကျနော်တို့အောက်မှာရပ်တည်ခဲ့တဲ့အသင်းကို ကျနော်တို့ ရှုံးခဲ့တာပါ”
“လက်ရှိအခိုက်အတန့်မှာတော့ မန်စီးတီးနဲ့လီဗာပူးက ကျနော်တို့ရဲ့အထက် တော်တော်ဝေးဝေးမှာ ရပ်တည်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ လက်ရှိနွေရာသီခြေစမ်းပွဲမှာ ပွဲတိုင်းကို ဂိုးပြတ်တွေနဲ့ အနိုင်ရရှိထားတာဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်က ပြီးခဲ့တဲ့ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာတော့ အဆင့် (၅) နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့်သာရရှိခဲ့တာပါ။
တူဟယ်လ်တယောက် အခုလိုမျိုး သူ့အသင်းကို အပြစ်တင်ဝေဖန်ရင်း၊ မန်စီးတီးနဲ့လီဗာပူးတို့ကို လိုက်မှီဖို့မဖြစ်နိုင်တဲ့အကြောင်းကိုပြောရင်းနဲ့ အာဆင်နယ် ချန်ပီယံလိဂ်ဝင်ခွင့်မရတာကို ပြောကြားခဲ့တာကတော့ အာဆင်နယ်ပရိသတ်မဟုတ်တဲ့ အခြားသောပရိသတ်တွေအတွက်တော့ ရယ်စရာတခုဖြစ်နေမှာလည်း သေချာပါတယ်။