ဘရင်းကို မတ်စ်က သွားပြီး တောင်းပန်ခဲ့တယ်လို့ ဆိုပါတယ်

မြာပွေတယ်လို့ နာမည်ကျော်တဲ့ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာကြီးဟာ နှစ်ပေါင်းများစွာ ခင်မင်လာခဲ့တဲ့ မိတ်ဆွေရဲ့ ဇနီးနဲ့လည်း နောက်မီးလင်းခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ 

Tesla သူဌေး အီလွန်မတ်စ်ဟာ Google တည်ထောင်သူတစ်ဦးဖြစ်တဲ့ ဆာဂီဘရင်းရဲ့ ဇနီးသည် နီကိုးလ် ရှာနာဟန်နဲ့ ငြိစွန်းခဲ့တာကြောင့် သူတို့နှစ်ဦးရဲ့ ကာလရှည်မိတ်ဆွေဖြစ်မှု ပြိုကွဲသွားခဲ့တယ်လို့ Wall Street Journal က ဖော်ထုတ်ရေးသားခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ နီးစပ်သူတဲ့ အရင်းအမြစ်တွေက ပြောကြားရာမှာ ပြန်ပေါင်းထုပ်လို့ မရအောင် ကွဲပြားမှုတွေကြောင့် Google တည်ထောင်သူနဲ့ ဇနီးသည်တို့ဟာ ကွာရှင်းခွင့်တင်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ 






မတ်စ်နဲ့ သူ့ရဲ့ အရင်ရည်းစားဟောင်း ကနေဒါအဆိုတော် ဂရင်းမ် (နာမည်အရင်း ကလဲရီ ဘော့ချာ) တို့ ပြတ်သွားပြီးနောက် ဒီဇင်ဘာလက မိုင်ယာမီကမ်းခြေမှာ ကျင်းပတဲ့ နာမည်ကျော် Art Basel ပွဲမှာ တ်စ်နဲ့ ဆာဂီဘရင်းရဲ့ ဇနီး ရှာနာဟန်တို့ တွေ့ပြီး ဖောက်ပြန်ခဲ့ကြတာလို့လည်း ပြောကြပါတယ်။ သတင်းအရင်းအမြစ်တွေရဲ့ အဆိုအရ အဲ့ဒီအချိန်မှာ ဘရင်းနဲ့ ရှာနာဟန်တို့ဟာ ခွဲနေကြပေမယ့် အိမ်ထောင်မပျက်သေးဘူးလို့ ဆိုပါတယ်။ 

Google တည်ထောင်သူ ဆာဂီဘရင်းနဲ့ မတ်စ်တို့ဟာ ကာလကြာမြင့်စွာ မိတ်ဆွေတွေဖြစ်ခဲ့ကြပြီး ဆီလီကွန်ဗယ်လီမှာရှိတဲ့ ဘရင်းရဲ့ အိမ်ကိုလည်း မတ်စ်က နှစ်ပေါင်းများစွာ ဝင်ထွက်သွားလာနေခဲ့တာပါ။ ၂၀၀၈ စီးပွားရေးအကျပ်အတည်းဆိုက်ချိန်မှာ အခက်တွေ့သွားတဲ့ အီလွန်မတ်စ်ရဲ့ Tesla ကားကုမ္ပဏီ ပြန်စီးပွားရေး ဦးမော့လာဖို့အတွက်လည်း ဘရင်းကပဲ ရင်းနှီးမြှပ်နှံမှုတွေ ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၈ စီးပွားရေး ထိုးကျမှုအတွင်း ကားထုတ်လုပ်ရေးတိုးမြှင့်ဖို့ အခက်တွေ့နေတဲ့ Tesla ကို အသက်ဆက်ပေးတဲ့အနေနဲ့ ဘရင်းဟာ မတ်စ်ကို ဒေါ်လာ ၅ သိန်း ထုတ်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ 

မတ်စ်နဲ့ သူ့ဇနီးတို့ ဖောက်ပြန်နေကြောင်း သိလိုက်ရပြီးနောက် ဘရင်းဟာ သူ့ဇနီးနဲ့ ဒီနှစ် ဇန်နဝါရီလထဲမှာ ကွာရှင်းဖို့ လျှောက်လွှာတင်လိုက်တာ ဖြစ်ပါတယ်။ ဘရင်းနဲ့ ရှာနာဟန်တို့ရဲ့ အိမ်ထောင်ရေးဟာ COVID-19 ကပ်ဘေးကြောင့် အသွားအလာကန့်သတ်မှု နဲ့ သူတို့ရဲ့ သုံးနှစ်အရွယ် သမီးငယ်ပေါ် စောင့်ရှောက်မှုတွေနဲ့ ဆက်စပ်ပြီး ပြဿနာတွေ ပိုကြီးလာခဲ့တယ်လို့လည်း သူတို့နှစ်ဦးနဲ့ သိကျွမ်းသူတွေက Wall Street Journal ကို ပြောပါတယ်။ 

ရှာနာဟန်ဟာ ဘရင်းဆီက ဒေါ်လာ ၁ ဘီလျံကျော် ရလိုကြောင်း တောင်းဆိုထားတယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦးရဲ့ ကွာရှင်းရေးကိစ္စဟာ သဘောတူညီမှုမရသေးတဲ့အကြောင်းတစ်ခုက ရှာနာဟန်ဟာ လက်မထပ်ခင် သဘောတူညီချက်ထက် အများကြီး ပိုလိုချင်နေတယ်လို့ ဘရင်းဘက်က ပြောထားပြီး ရှာနာဟန်ကတော့ သူမဟာ ကိုယ်ဝန်ဆောင်နေတုန်း ဖိအားပေး လက်မှတ်ထိုးလိုက်ရတာလို့ ဆိုပါတယ်။ လယ်ရီပေ့ချ်နဲ့အတူ ၁၉၉၈ ခုနှစ်မှာ Google ကုမ္ပဏီကို အတူတည်ထောင်ခဲ့တဲ့ ဆာဂီဘရင်းဟာ လက်ရှိမှာ ဒေါ်လာ ၉၅ ဘီလျံ ချမ်းသာနေပါတယ်။ 

ဘရင်းဟာ ဇနီးသည်နဲ့ ကွာရှင်းပြတ်စဲဖို့ လုပ်ဆောင်နေသလို မိတ်ဆွေဟောင်း ဖြစ်ခဲ့သူ မတ်စ်ရဲ့ ကုမ္ပဏီလုပ်ငန်းတွေမှာ သူထည့်ဝင်ထားတဲ့ ရင်းနှီးမြှပ်နှံမှုတွေ အကုန် ရောင်းထုတ်ဖို့ပါ သူ့ရဲ့ငွေကြေးအကြံပေးပုဂ္ဂိုလ်တွေကို ညွှန်ကြားထားလိုက်ပြီလို့ ဆိုပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး ဖြစ်နေတဲ့ မတ်စ်ဟာ သူ့ရဲ့မိတ်ဆွေကြီးကို ဒီနှစ် အစောပိုင်းက ပါတီတစ်ခုမှာ တွေ့ဆုံတောင်းပန်ခဲ့တယ်လို့လည်း ဒီကိစ္စနဲ့နီးစပ်သူတွေက ပြောပါတယ်။ ဘရင်းဘက်က မတ်စ်ရဲ့တောင်းပန်မှုကို အသိအမှတ်ပြုပေမယ့် အခုထိ သူနဲ့ ပုံမှန်စကားပြောဆိုခြင်းတော့ မရှိသေးဘူးလို့လည်း ဆိုပါတယ်။ 



ဒေါ်လာ ၂၅၃ ဘီလျံ ချမ်းသာကြွယ်ဝတဲ့ အသက် ၅၂ နှစ်အရွယ် မတ်စ်ဟာ သူ့ပိုင် Tesla ကားကုမ္ပဏီက ပထမဆုံးထုတ်လုပ်ထားတဲ့ All-electric SUV တစ်စီးကို ဘရင်းဆီ လက်ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ မတ်စ်ဟာ မကြာသေးခင်ကပဲ သူ့ကုမ္ပဏီ Neuralink ရဲ့ ထိပ်တန်းအမှုဆောင်အရာရှိတစ်ဦးဖြစ်သူ ရှီဗွန် ဇီးလစ်နဲ့ ချစ်ကြိုက်ပြီး အမွှာကလေး ၂ ဦး ရထားတယ်လို့ သတင်းတွေ ထွက်ထားသူ ဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်က မွေးကင်းစကလေး ရုတ်တရပ်သေဆုံးမှုလက္ခဏာနဲ့ သေသွားတဲ့ ပထမဆုံး ကလေးအပါအဝင် မတ်စ်မှာ သားသမီး ၁၀ ဦး ရှိတယ်လို့ ဆိုပါတယ်။ 

မတ်စ်ဟာ ဇနီးဟောင်း ကနေဒါ စာရေးဆရာမ ဂျက်စတင် ဝီလ်ဆင်နဲ့လည်း ကလေး ၅ ဦး ရထားသူ ဖြစ်ပါတယ်။ လက်ရှိ မတ်စ်မှာ သားသမီး ၉ ဦး မွေးထားပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သူ့သား ၄ ဦးနဲ့အတူ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ အတူ အီတလီမှာ ဓါတ်ပုံတွဲရိုက်ထားတဲ့ ပုံတစ်ပုံကို Twitter ပေါ်မှာ တင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က