ဆွာရက်ဇ် မေဂျာလိဂ်ကို ပြောင်းရွှေ့ဖွယ်ရှိတာပါ။

ဆွာရက်ဇ်ဟာ မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျယ်လိစ်ကို ပြောင်းရွှေ့ဖို့အတွက် သတင်းတွေထွက်ပေါ်လျက်ရှိပါတယ်။ ဒီကစားသမားဟာ ပြီးခဲ့တဲ့ဘောလုံးရာသီအဆုံးသတ်မှာ အက်သလက်တီကိုနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပါတယ်။



ဆွာရက်ဇ်အနေနဲ့ သူ့ရဲ့ ကစားသမားဘဝကို ဥရောပမှာသာ ဆက်လက်ကျင်လည်လိုပေမယ့် လတ်တလော ဥရောပကလပ်အသင်းတွေက ဆွာရက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုမရှိပါဘူး။ အသက် (၃၅) နှစ်အရွယ် လီဗာပူးနဲ့ ဘာစီလိုနာတိုက်စစ်မှူးဟောင်းဟာ လက်ရှိအချိန်မှာတော့ သူ့ရဲ့စိတ်ကို တဖြည်းဖြည်းလျှော့လာခဲ့ပြီး မေဂျာလိဂ်အသင်းတွေရဲ့ ကမ်းလှမ်းမှုကို နားစွင့်နေပြီဖြစ်ပါတယ်။

ဆွာရက်ဇ်ကို ခေါ်ယူဖို့ မေဂျာလိဂ်ကလပ် (၅) သင်း ဒါမှမဟုတ် (၆) သင်းလောက်က စိတ်ဝင်စားနေပြီး ဒီအထဲမှာ လော့စ်အိန်ဂျယ်လိစ်လည်း ပါဝင်လာခဲ့ပါတယ်။ လော့စ်အိန်ဂျယ်လိစ်ဟာ လက်ရှိအပြောင်းအရွှေ့မှာ ဂါရတ်ဘေးလ်၊ ချီလီနီတို့ကို ခေါ်ယူထားပြီး ကားလို့စ်ဗီလာလို ပရိသတ်မျက်နှာသိကစားသမားတယောက်လည်း ပါဝင်ကစားလျက်ရှိပါတယ်။

ပိုပြီး စိတ်ဝင်စားစရာကောင်းတာက ဆွာရက်ဇ်ဟာ ချီလီနီနဲ့ (၂၀၁၄) ကမ္ဘာ့ဖလား အုပ်စုပွဲစဥ်မှာ ပြဿနာတက်ခဲ့ဖူးတာပါ။ ဥရုဂွေးနဲ့ အီတလီတို့ တွေ့ဆုံခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဥ်မှာ ဆွာရက်ဇ်က ချီလီနီရဲ့ပခုံးကို ကိုက်ခဲ့ဖူးပြီး ဒါက ကမ္ဘာ့ဖလားရဲ့ အကျည်းတန်တဲ့ဖြစ်ရပ်တခုအနေနဲ့ ရှိနေပါတယ်။

ဆွာရက်ဇ်ဟာ အဲ့ဒီတုန်းက လုပ်ရပ်အတွက် နိုင်ငံတကာပွဲ (၉) ပွဲ ပယ်ခံရဖူးပြီး ဘောလုံးနဲ့ပတ်သက်ခွင့် (၄) လပိတ်တဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာတော့ ဒီပြစ်ဒဏ်ကို လျှော့ပေါ့ပေးခဲ့ပါတယ်။ ချီလီနီကတော့ ဆွာရက်ဇ်ကို ခွင့်လွှတ်ပေးခဲ့ပြီး အခုချိန်မှာ တသင်းတည်း ပြန်ကစားရမယ်ဆိုရင်လည်း ပြဿနာကြီးကြီးမားမားမရှိနိုင်ပါဘူး။ 

Share

Loading Next Article...
က္က