ငွေကြေးဖောင်းပွမှုတွေကြောင့် Facebook ရဲ့ VR Headset ဈေးကို တိုးမြှင့်လိုက်တယ်လို့ ဆိုပါတယ်။
Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ VR ပိုင်းကို ရေရှည် ရှေ့ဆက်သွားနိုင်အောင် ဆက်လက်ရင်းနှီးမြှပ်နှံသွားဖို့ Meta Quest 2 Headset ကို လာမယ့်ဩဂုတ်လ ၁ ရက်နေ့ ကစပြီး ဈေးတိုးမြှင့်တော့မယ်လို့ ကြေညာလိုက်တာပါ။ တိုးမြှင့်လိုက်တဲ့ ဈေးတွေအရ 128GB မော်ဒယ်ကို ဒေါ်လာ ၄၀၀ နဲ့ 256GB မော်ဒယ်ကို ဒေါ်လာ ၅၀၀ ဈေးတွေနဲ့ ရောင်းချတော့မှာ ဖြစ်ပါတယ်။ ဩဂုတ်လ ၁ ရက်နေ့ မရောက်ခင်အထိ Meta Quest 2 VR Headset ကို အရင်ဈေးဟောင်းနဲ့ပဲ ဝယ်နိုင်မှာပါ။
ဒီဈေးနှုန်းအပြောင်းအလဲက အမေရိကန်ဈေးကွက်အပြင် တစ်ကမ္ဘာလုံးကို သက်ရောက်မှုရှိမှာလည်း ဖြစ်ပါတယ်။ Quest 2 ဆက်စပ်ပစ္စည်းတွေနဲ့ Refur ပြန်ထုတ်တဲ့ အလုံးတွေလည်း အလားတူ ဈေးတက်လာမှာ ဖြစ်ပါတယ်။ ဩဂုတ်လ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် နှစ်ကုန်အတွင်း Quest 2 သစ် ဝယ်ယူသူတွေကို Meta ကုမ္ပဏီက နာမည်ကျော် Beat Saber ဂိမ်းရဲ့ Free Copy တစ်ခုလည်း ပေးသွားမယ်လို့ ဆိုပါတယ်။
အချိန်ကြာလာတာနဲ့အမျှ ထုတ်ကုန်တွေ ဈေးပိုသက်သာရမယ့်အစား ဈေးပိုကြီးလာတာဟာ ပုံမှန်ဖြစ်စဉ်တစ်ခုတော့ မဟုတ်ပါဘူး။ Meta အနေနဲ့ အခုလို VR Headset ဈေး မြှင့်ရတာဟာ VR လောကကို နောက်တစ်ဆင့် ထပ်မြှင့်နိုင်မယ့် တီထွင်ဆန်းသစ်မှုတွေနဲ့ ထုတ်ကုန်ဖွံ့ဖြိုးရေးသစ်တွေမှာ ဆက်လက်ရင်းနှီးမြှပ်နှံနိုင်ဖို့ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ ဒေါ်လာ ၁၀၀ ဈေး မြှင့်ထားပေမယ့် Quest 2 ဟာ လက်ရှိ VR Headset တွေထဲမှာ ဈေးအသက်သာဆုံး ထုတ်ကုန်လည်း ဖြစ်နေပါတယ်။
VR Headset တွေထဲက Meta Quest 2 နဲ့ ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ HTC ထုတ် Vive ဟာ ဒေါ်လာ ၈၀၀ ဈေးက စတင်ထားပြီး Mixed Reality Headset တွေကို ဒေါ်လာ ၅၀၀ နဲ့ အလားတူဈေးမျိုးနဲ့ ရောင်းချနေကြတာပါ။ Meta ဟာ Project Cambria နာမည်နဲ့ ရုပ်ထွက်မြင့်အရောင်တွေ ပါရှိပြီး ပိုတိကျကောင်းမွန်တဲ့ Senors နဲ့ Algorithm သုံး Headset ထုတ်ကုန်သစ်တွေကို ဒီနှစ်ကုန်ပိုင်းမှာ မိတ်ဆက်ဖို့လည်း ပြင်နေပါတယ်။
ဈေးကွက်အချက်အလက်လုပ်ငန်းတစ်ခုဖြစ်တဲ့ IDC ရဲ့ အစီရင်ခံစာအရ Meta ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ VR Headset နယ်ပယ်မှာ ဈေးကွက်ဝေစု ၈၀% ပိုင်ဆိုင်ထားပြီး Quest 2 Headset ပေါင်း ၁၀ သန်းကျော် တင်ပို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ Meta Quest Apps တွေပေါ်မှာ အသုံးပြုသူတွေဟာ ဒေါ်လာ ၁ ဘီလျံကျော် ငွေကြေးသုံးစွဲမှုရှိနေတယ်လို့ ဆိုပါတယ်။ Meta အနေနဲ့ Sony နဲ့ HTC လို ပြိုင်ဘက်တွေထက် VR Headset ပိုရောင်းချနိုင်တာဟာ ဒေါ်လာ ၃၀၀ တန် ဈေးသက်သာတဲ့ Quest 2 ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ပထမသုံးလပတ်မှာ Facebook ကြော်ငြာအရောင်းဌာနက ဒေါ်လာ ၂၇ ဘီလျံအထိ ရရှိခဲ့ချိန်မှာ VR Headset ပါဝင်တဲ့ Meta ရဲ့ Reality Lab ဌာနက ဒေါ်လာ ၆၉၅ သန်း ဝင်ငွေရခဲ့ပါတယ်။ လောလောဆယ် Meta Reality Labs ဟာ လုပ်ငန်းလည်ပတ်မှု ဒေါ်လာ ၂.၉၆ ဘီလျံ အရှုံးပြနေပါတယ်။ Meta ကုမ္ပဏီရဲ့ CEO မတ်ခ်ဇူကာဘတ်ကတော့ ကုမ္ပဏီကို နောက်ဆယ်စုနှစ်အတွင်း ပုံရိပ်ယောင်ကမ္ဘာထဲ ကစားနိုင် ၊ အလုပ်လုပ်နိုင်အောင် ပုံဖော်ပေးမယ့် Metaverse နယ်ပယ်ကို သွားဖို့ အာရုံစိုက်နေပါတယ်။