ရီးရဲလ်မက်ဒရစ်ကလည်း လော့စ်အိန်ဂျယ်လိစ်မှာ ရောက်ရှိနေတာပါ။

လက်ရှိမေဂျာလိဂ်ကလပ် လော့စ်အိန်ဂျယ်လိစ်မှာ ကစားနေတဲ့ တိုက်စစ်ကစားသမား ဂါရတ်ဘေးလ်ဟာ အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ရဲ့ လေ့ကျင့်ရေးကွင်းကို သွားရောက်လည်ပတ်ခဲ့ကြောင်း သိရှိရပါတယ်။ ရီးရဲလ်မက်ဒရစ်ကလည်း ရာသီကြိုပြင်ဆင်မှုတွေအတွက် လော့စ်အိန်ဂျယ်လိစ်ကိုပဲရောက်ရှိနေတာပါ။



ဂါရတ်ဘေးလ်ဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့မှာပဲ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲခဲ့ပြီးနောက် အခုလိုပဲ မေဂျာလိဂ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဂါရတ်ဘေးလ်ဟာ လော့စ်အိန်ဂျယ်လိစ်အတွက် ဒုတိယမြောက်ပွဲမှာပဲ လော့စ်အိန်ဂျယ်လိစ်ကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါသေးတယ်။ ဂါရတ်ဘေးလ်ဟာ စပို့ရှပ်၊ ဘောင်းဘီတိုတို့ကို ပေါ့ပေါ့ပါးပါးပဲ ဝတ်ဆင်ကာ အသင်းဖော်ဟောင်းတွေ လေ့ကျင့်ခန်းဆင်းနေချိန် နေ့လယ်ခင်းမှာ ရောက်ရှိလာခဲ့တာပါ။

ဂါရတ်ဘေးလ်အနေနဲ့ မီဒီယာတွေကို ရှောင်ရှားဖို့အတွက်တော့ ကွင်းဘေးက ဝင်ပေါက်ကို အသုံးပြုခဲ့တယ်လို့ သိရှိရပြီး နည်းပြ အန်ဆယ်လော့တီအပါအဝင် ရီးရဲလ်မက်ဒရစ် အသင်းဖော်ဟောင်းတွေနဲ့ တရင်းတနှီး တွေ့ဆုံခဲ့ပါတယ်။ ဂါရတ်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်မှာ ကစားချိန်တုန်းက ဒဏ်ရာပြဿနာတွေနဲ့ပဲ အချိန်ပြည့်ရုန်းကန်ခဲ့ရသူပါ။

ဒီကစားသမားဟာ အသင်းနဲ့ နောက်ဆုံးရာသီ လာလီဂါချန်ပီယံဆု ဆွတ်ခူးချိန်မှာတောင် နောက်ကျောဒဏ်ရာကြောင့် အောင်ပွဲခံအခမ်းအနားမှာ မပါဝင်နိုင်ခဲ့ပါဘူး။ ရီးရဲလ်မက်ဒရစ်ပရိသတ်တွေ၊ စပိန်အခြေစိုက် မီဒီယာတွေနဲ့ ဂါရတ်ဘေးလ်အကြားမှာလည်း ဆက်ဆံရေးပြိုကွဲခဲ့ပါသေးတယ်။ ဒါပေမယ့် ဂါရတ်ဘေးလ် ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာချိန်မှာတော့ ပရိသတ်တွေက ကောင်းကောင်းမွန်မွန် နှုတ်ဆက်လမ်းခွဲခဲ့ကြပါတယ်။

အခုလည်း အသင်းဟောင်း ရီးရဲလ်မက်ဒရစ်က သူအခြေစိုက်ရာ လော့စ်အိန်ဂျယ်လိစ်ကို ရောက်ရှိနေချိန်မှာ ဂါရတ်ဘေးလ်က အသင်းဟောင်းဆီ သွားရောက်တွေ့ဆုံခဲ့တာလည်းဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဇူလိုင် (၃၀) မှ နောက်ဆုံးခြေစမ်းပွဲအဖြစ် ဂျူဗင်တပ်စ်နဲ့ ရင်ဆိုင်ကစားသွားရမှာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က