အိုးထရက်ဖို့ဒ်ကွင်းတွင်းမှာ တန်ဟက်ခ်က အပြောင်းအလဲတွေလုပ်ခဲ့တာပါ။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်က အိမ်ကွင်းအိုးထရက်ဖို့ဒ်ရဲ့ အနေအထားအချို့ကို ပြုပြင်ပြောင်းလဲဖို့ အသင်းဝန်ထမ်းတွေထံ တောင်းဆိုခဲ့တယ်လို့ သိရှိရပါတယ်။ ပုံမှန်အားဖြင့် အိုးထရက်ဖို့ဒ်ကွင်းရဲ့ ဥမင်လှိုဏ်ခေါင်းဟာ ထောင့်ကန်ဘောကန်တဲ့ အလံတိုင်အနောက်မှာ တည်ရှိပါတယ်။



ဒါပေမယ့် ယူနိုက်တက်ရဲ့ နည်းပြခုံတန်းက ဥမင်လိုဏ်ခေါင်းကနေဆိုရင် ကြားထဲမှာ ဧည့်သည်အသင်းရဲ့နည်းပြခုံတန်းကို ဖြတ်ကျော်လာရပါသေးတယ်။ ဒါ့အပြင် ကစားသမားတွေ သွေးပူလေ့ကျင့်ခန်းဆင်းတဲ့အခါမှာလည်း ဥမင်လိုဏ်ခေါင်းရှိတဲ့ ကွင်းဘက်ခြမ်းမှာသာ သွားရောက်လေ့ကျင့်ခန်းဆင်းရလေ့ရှိပါတယ်။ ဒီအချက်ကို တန်ဟက်ခ်က စိတ်တိုင်းမကျဖြစ်ခဲ့တာပါ။

ဒါ့အပြင် တန်ဟက်ခ်ဟာ သွေးပူလေ့ကျင့်ခန်းပြုလုပ်နေတဲ့ ကစားသမားတွေကို အနီးကပ်ညွှန်ကြားလိုတာ၊ Stretford End က ယူနိုက်တက်ပရိသတ်တွေနဲ့ ပိုမိုနီးကပ်လိုတာကြောင့်လည်း နည်းပြနဲ့အရံကစားသမားတွေရှိရာ ခုံတန်းကို နေရာအပြောင်းအလဲလုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ယူနိုက်တက်ရဲ့နည်းပြခုံတန်းက ဧည့်သည်အသင်းတွေ ထိုင်နေကျ နည်းပြခုံတန်းဘက်ကို ရောက်ရှိသွားမှာလည်းဖြစ်ပါတယ်။ ဒီနေရာကို အပြောင်းအလဲလုပ်တာက နှစ်ပေါင်း (၃၀) အတွင်း ပထမဆုံးလို့လည်း သိရှိရပါတယ်။

တန်ဟက်ခ်ဟာ အသင်းမှာ အခြေခံကျတဲ့ အချက်အလက်တွေကို ပြုပြင်ပြောင်းလဲနေတာဖြစ်ပြီး ဒီအပြောင်းအလဲတွေရဲ့အကျိုးဆက်က ဘယ်လိုရှိနိုင်မလဲဆိုတာကိုလည်း ပရိသတ်တွေက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။ တန်ဟက်ခ်ဟာ သူ့ရဲ့ကစားဟန်ကို အပြည့်အဝအထောက်အပံ့ဖြစ်စေဖို့အတွက် အိုးထရက်ဖို့ဒ်ကွင်း မြက်ခင်းပြင်ရဲ့ မြက်ပင်အတိုအရှည်ကအစ သူလိုချင်တဲ့အတိုင်းအတာအတိုင်း ထားရှိပေးဖို့ တောင်းဆိုထားတာပါ။

တန်ဟက်ခ်ဟာ အေဂျက်စ်မှာလည်း အခုလိုပဲ အသေးစိတ်ကျကျ အလုပ်လုပ်လေ့ရှိတာကြောင့် သူ့ကို “ကျောင်းအုပ်ကြီး” လို့တောင် နာမည်ပြောင်ပေးထားကြတယ်လို့ သိရှိရပါတယ်။ တန်ဟက်ခ်ဟာ အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်နည်းပြဘဝ ပထမဆုံးပွဲကို မနက်ဖြန် ဗယ်လက်ကာနိုနဲ့ပွဲမှာ ကိုင်တွယ်ရတော့မှာလည်းဖြစ်ပါတယ်။ ဒီမတိုင်ခင်မှာ ယူနိုက်တက်က ဒီကနေ့ညအစောပိုင်းမှာ အက်သလက်တီကိုနဲ့ အော်စလိုမြို့မှာ ခြေစမ်းပွဲတပွဲ ကစားဖို့ရှိနေပါသေးတယ်။ 

Share

Loading Next Article...
က္က