ရော်နယ်ဒိုက ဗယ်လက်ကာနိုနဲ့ပွဲမှာ အစောကြီးပြန်သွားခဲ့တာပါ။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်က ဗယ်လက်ကာနိုနဲ့ ခြေစမ်းပွဲမှာ ပွဲမပြီးခင် အိုးထရက်ဖို့ဒ်ကွင်းထဲကနေ စောစောစီးစီး ထွက်သွားခဲ့တဲ့ ရော်နယ်ဒိုနဲ့ပတ်သက်လို့ လက်မခံနိုင်စရာ အပြုအမူဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ အဆိုပါပွဲမှာ ရော်နယ်ဒိုက အသင်းအတွက် ပထမပိုင်း (၄၅) မိနစ် ပါဝင်ကစားပေးခဲ့ပြီး ဒုတိယပိုင်းမစခင် လူစားလဲခံရတာပါ။



ရော်နယ်ဒိုအတွက်လည်း အဆိုပါခြေစမ်းပွဲက လက်ရှိနွေရာသီအတွက် ပထမဆုံးပါဝင်ကစားပေးခဲ့တဲ့ ခြေစမ်းပွဲလည်း ဖြစ်ပါတယ်။ ယူနိုက်တက်ဘက်ကတော့ ရော်နယ်ဒို ဒီလိုမျိုးစောပြန်သွားတာက ပြဿနာမဟုတ်တဲ့အကြောင်း၊ အခြားသောကစားသမားတွေလည်း အတူတူပြန်သွားကြောင်း ကာကွယ်ခဲ့ပေမယ့် တန်ဟက်ခ်ကတော့ ဒါကို လက်မခံနိုင်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာခဲ့တာပါ။

တန်ဟက်ခ်က “ကျနော်ကတော့ ဒါကို လုံးဝလက်မခံနိုင်ပါဘူး။ လက်ခံနိုင်စရာ မဟုတ်ဘူးလို့လည်း ထင်ပါတယ်။ ဒါက လူတိုင်းနဲ့ သက်ဆိုင်တဲ့ကိစ္စပါ။ ကျနော်တို့က အသင်းတသင်းဖြစ်ပြီး နောက်ဆုံးအချိန်ထိ အသင်းနဲ့ အတူရှိနေရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။

အဲ့ဒီပွဲရဲ့ ပထမပိုင်းပွဲချိန်အတွင်းမှာတင် ရော်နယ်ဒိုနဲ့တန်ဟက်ခ် နှစ်ယောက်အကြား စိတ်သဘောထားကွဲလွဲခဲ့ဟန်ရှိပြီး တန်ဟက်ခ်တယောက် ရော်နယ်ဒိုရဲ့ကစားပုံအပေါ် စိတ်တိုင်းမကျဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယပိုင်းမစခင်မှာ လူစားလဲခံရတာကလည်း ယူနိုက်တက်ဘက်က ရော်နယ်ဒိုတယောက်တည်းရှိခဲ့ပါတယ်။

တန်ဟက်ခ်ဟာ ရော်နယ်ဒိုရဲ့ကြံ့ခိုင်မှုပိုင်းအပေါ်မှာလည်း ကျေနပ်အားရဟန်မရှိဘဲ ရော်နယ်ဒိုအနေနဲ့ အသင်းမှာဆက်ရှိနေရင်တောင် ရာသီအဖွင့်ပွဲတွေမှာ ပွဲထွက်ခွင့်မရနိုင်ပါဘူး။ ရော်နယ်ဒိုဟာ ယူနိုက်တက်ကနေ အမြန်ဆုံးထွက်ခွာဖို့ ပြင်ဆင်နေပြီး တန်ဟက်ခ်ရဲ့ ဒီပြောစကားတွေကြောင့် ရော်နယ်ဒိုတယောက် မဖြစ်မနေ အသင်းသစ်ရှာတွေ့ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က