လီဗာပူးနောက်ခံလူ ဗန်ဒိုက်ချ်ဟာ အာဆင်နယ်ရဲ့နောက်ခံလူ ဆာလီဘာကို အင်စတာဂရမ်မှာ Follow လုပ်လိုက်တယ်လို့ သိရှိရပါတယ်။ ဆာလီဘာဟာ အာဆင်နယ်ကို (၂၀၁၉) တည်းက ရောက်ရှိနေခဲ့ပေမယ့် အရင်ရာသီတွေမှာ အငှားနဲ့သာ ထွက်ကစားခဲ့ရပါတယ်။
ဆာလီဘာဟာ ပြီးခဲ့တဲ့ရာသီမှာ မာဆေးလ်နဲ့အတူ အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့တဲ့နောက် အာဆင်နယ်နည်းပြ အာတီတာက ဆာလီဘာကို အသင်းမှာပြန်ခေါ်ထားခဲ့ပါတယ်။ ကစားသမားကိုယ်တိုင်က ပုံမှန်ပွဲထွက်ခွင့်သာမရရှိရင် အသင်းကနေ ပြန်လည်ထွက်ခွာဖို့ ဆန္ဒရှိနေပေမယ့် အာတီတာကတော့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာတင် ဆာလီဘာကို ပွဲထွက်ခွင့်ပေးခဲ့ပါတယ်။
ဒီပွဲမှာ အာဆင်နယ်က ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ဆာလီဘာကလည်း အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုပါ ဆွတ်ခူးရရှိခဲ့ပါတယ်။ အသက် (၂၁) နှစ်အရွယ် ဒီကစားသမားအတွက် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲက ကစားသမားဘဝ ပထမဆုံး ပရီးမီးယားလိဂ်ပွဲလည်း ဖြစ်ခဲ့တာပါ။
ဒါပေမယ့်လည်း သူ့ရဲ့ စွမ်းဆောင်ရည်က တော်တော်လေးကို အံ့အားသင့်ဖွယ်ကောင်းခဲ့ပြီး အကောင်းဆုံးကစားသမားဆုကိုပါ ထိုက်ထိုက်တန်တန်ရရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီပွဲအပြီးမှာတော့ လီဗာပူးနောက်ခံလူ ဗန်ဒိုက်ချ်က ဆာလီဘာကို အင်စတာဂရမ်မှာ Follow လုပ်လိုက်တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ မတော်တဆတိုက်ဆိုင်မှုတခုလည်းဖြစ်နိုင်ပါတယ်။
ဒါပေမယ့် အာဆင်နယ်ပရိသတ်တွေကတော့ ဗန်ဒိုက်ချ်အနေနဲ့ မနေ့ညက ဆာလီဘာရဲ့ခြေစွမ်းကို မြင်သွားတဲ့နောက် အခုလိုပဲ ဆာလီဘာကို လေးစားပြီး အင်စတာဂရမ်မှာ Follow လုပ်လိုက်တာဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ဒီကနေ့ညရဲ့ ပထမဆုံးပရီးမီးယားလိဂ်ပွဲမှာတော့ ဗန်ဒိုက်ချ်က လီဗာပူးနဲ့အတူ ဖူလ်ဟမ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။