ချဲလ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်က သူ့အသင်းကစားသမားတွေဟာ ချဲလ်ဆီးရဲ့ ကျောနံပါတ် (၉) ဂျာစီကို ဝတ်ဆင်လိုခြင်းမရှိကြောင်း ဒီကနေ့ည အဲဗာတန်နဲ့ကစားမယ့်ပွဲမတိုင်ခင် ဝန်ခံပြောကြားလိုက်ပါတယ်။ လူကာကူ အင်တာမီလန်ကို အငှားနဲ့ထွက်သွားပြီးနောက် ဒီကျောနံပါတ် (၉) က လစ်လပ်နေတာပါ။
ချဲလ်ဆီးရဲ့ ကျောနံပါတ် (၉) ဂျာစီဟာ တော်တော်လေးကို ကျိန်စာသင့်နေတယ်လို့ပြောရမှာလည်းဖြစ်ပါတယ်။ ဒီကျောနံပါတ်နဲ့ ချဲလ်ဆီးမှာ နောက်ဆုံးအောင်မြင်ခဲ့တဲ့ တိုက်စစ်မှူးက ဟက်ဆယ်ဘိန့်ခ်ဖြစ်ပြီး အသင်းကိုရောက်လာတဲ့ ပထမဆုံးရာသီမှာတင် ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် နောက်ပိုင်းနှစ်တွေမှာ ချဲလ်ဆီးရဲ့ ကျောနံပါတ် (၉) ဂျာစီကို ဝတ်ဆင်ခဲ့ကြတဲ့ ဟီဂွါအင်၊ မိုရာတာ၊ ဖယ်လ်ကာအို၊ တောရက်စ်၊ အေဘရာဟမ်၊ လူကာကူတို့အားလုံး အသင်းမှာ ရုန်းကန်ခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း လက်ရှိ ချဲလ်ဆီးကစားသမားတွေထဲမှာ ဘယ်သူကမှ ကျောနံပါတ် (၉) ကို ဝတ်ဆင်လိုခြင်းမရှိဘူးလို့ တူဟယ်လ်က ပြောပါတယ်။
တူဟယ်လ်က “ဒါက ကျိန်စာသင့်နေတာဆိုပြီး အသင်းမှာရှိတဲ့လူတွေက ပြောပါတယ်။ ဒါက နည်းဗျူဟာပိုင်းဆိုင်ရာ အကြောင်းပြချက်တွေနဲ့လည်း မသက်ဆိုင်ပါဘူး။ ကစားသမားတွေက တခါတလေ သူတို့ရဲ့ ကျောနံပါတ်ကို ပြောင်းလဲချင်ကြပေမယ့် အံ့အားသင့်ဖို့ကောင်းစွာနဲ့ပဲ ဒီကျောနံပါတ် (၉) ကို ဘယ်သူကမှ ထိတောင်မထိချင်ကြပါဘူး”
“အသင်းမှာ ကျနော့်ထက် စောရောက်နေတဲ့လူတိုင်းက ကျနော့်ကို ‘ခင်ဗျားသိလား။ ကစားသမားတယောက်က ကျောနံပါတ် (၉) ဝတ်ပြီဟေ့ဆိုတာနဲ့ ဂိုးမသွင်းတော့ဘူး’ လို့ ပြောခဲ့ကြပါတယ်။ အခု ကျနော်လည်း ဒါမျိုး အခိုက်အတန့်နဲ့ ကြုံနေရပါတယ်။ ဘယ်သူကမှ ကျောနံပါတ် (၉) ကို မထိချင်မကိုင်ချင်ဖြစ်နေကြပါတယ်” လို့ ပြောကြားခဲ့ပါတယ်။