ဘာစီလိုနာကို နောက်ပြောင်ခဲ့တာပါ။

ယူနိုက်တက်ဂန္တဝင်နောက်ခံလူဟောင်းကြီး ဂယ်ရီနဗီးလ်ကတော့ လက်ရှိနွေရာသီမှာ ဘာစီလိုနာရဲ့လုပ်ရပ်တွေအပေါ် ဝေဖန်ပြောဆိုထားပေမယ့် လက်ရှိအချိန်မှာတော့ အဆိုပါအသင်းဆီကနေ ကစားသမားအချို့ကို နောက်ပြောင်တောင်းဆိုခဲ့ပါတယ်။ ဘာစီလိုနာဟာ လာလီဂါရဲ့ ဘဏ္ဍာရေးမျှခြေစည်းကမ်းတွေအကြား ရုန်းကန်နေရတာပါ။



အဲ့ဒါကြောင့်လည်း လက်ရှိနွေရာသီမှာခေါ်ယူထားတဲ့ ခရစ္စတန်ဆန်၊ ကက်ဆီ၊ ရာဖင်ဟာ၊ လီဝန်ဒေါစကီးနဲ့ ကွန်ဒေးတို့ကို အသင်းရဲ့ ကစားသမားတွေအဖြစ် တရားဝင်မှတ်ပုံတင်နိုင်ခြင်းမရှိသေးပါဘူး။ ဒါ့အပြင် ဘာစီလိုနာဟာ ဖရန်ကီဒီဂျောင်ရဲ့ လစာအကြွေးကိုလည်း မရှင်းပေးတာကြောင့် ကစားသမားဘက်က အသင်းပြောင်းဖို့ ငြင်းဆန်နေပါတယ်။

ယူနိုက်တက်ဟာ ဒီဂျောင်ကိုခေါ်ယူဖို့ ဘာစီလိုနာနဲ့ သဘောတူညီမှုရရှိထားပေမယ့် ဒီကိစ္စတွေကြောင့် ခက်ခဲခဲ့ရတာပါ။ အဲ့ဒီအချိန်မှာ ဂယ်ရီနဗီးလ်က ဒီဂျောင်အနေနဲ့ ဘာစီလိုနာရဲ့ ယုတ်ညံ့ပြီး စည်းမရှိတဲ့လုပ်ရပ်ကို တရားဥပဒေနဲ့ ပြန်လည်ရင်ဆိုင်သင့်ကြောင်း၊ ကစားသမားတွေအနေနဲ့လည်း ဒီဂျောင်ဘက်က ရပ်တည်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် လီဝန်ဒေါစကီးကို ဘာစီလိုနာတို့ ဒီတပတ်အတွင်းမှာပဲ အသင်းရဲ့ကစားသမားအဖြစ် နူးကမ့်မှာ တရားဝင်မိတ်ဆက်ပေးခဲ့ပါတယ်။ အဲ့ဒီပို့စ်အတွက် တွစ်တာပေါ်က ဘာစီလိုနာဖန်အကောင့်တခုက ဂယ်ရီနဗီးလ်ကို မန်းရှင်းခေါ်ပြီး “ကိုယ့်လူအတွေးလေး လုပ်ပါဦး” လို့ ရေးသားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ နဗီးလ်က “မင်းတို့မှတ်ပုံတင်လို့မရတဲ့ ကစားသမားတွေထဲက အချို့ကို ငါတို့ဆီ ပေးပါလား” လို့ နောက်ပြောင်ခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ ယူနိုက်တက်နဲ့ဘရိုက်တန်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲမစခင်က ဖြစ်ရပ်တခုဖြစ်ခဲ့ပြီး ယူနိုက်တက်တို့ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့နောက်မှာတော့ ဒါက ဂယ်ရီနဗီးလ်အနေနဲ့ ဘာစီလိုနာထံမှာ အောက်ကျနောက်ကျခံပြီး ကစားသမားသွားတောင်းသလိုဖြစ်ခဲ့ရပါတယ်။ ယူနိုက်တက်ကလည်း ဖရန်ကီဒီဂျောင်ကိုမခေါ်ယူဖြစ်ခဲ့ရင်ဆိုတဲ့ အနေအထားအတွက် ပြင်ဆင်နေပြီး ဂျူဗင်တပ်စ်ကွင်းလယ်လူ ရာဘီရော့အတွက် နှစ်သင်းကြား သဘောတူညီမှုရရှိခဲ့ပါတယ်။ 

Share

Loading Next Article...
က္က