လှပတဲ့တကိုယ်တော် သွင်းဂိုးကို သွင်းယူခဲ့တာပါ။

ဒီတပတ်ကစားခဲ့တဲ့ မေဂျာလိဂ်ပွဲစဥ်တွေမှာ လော့စ်အိန်ဂျယ်လိစ်အတွက် ဂါရတ်ဘေးလ်က ဂိုးထပ်မံသွင်းယူနိုင်ခဲ့ပြီး သူသွင်းယူခဲ့တဲ့ဂိုးကလည်း သူ့ရဲ့ ငယ်မူငယ်သွေးတွေကို ပြန်လည်ပြသနေတယ်လို့ သုံးသပ်နေကြပါတယ်။ ရီးရဲလ်ဆော့လိတ်နဲ့ ကစားခဲ့တဲ့ပွဲမှာ လော့စ်အိန်ဂျယ်လိစ်က ၁-၄ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။



ဒီပွဲမှာ ဂါရတ်ဘေးလ်က ပွဲထွက်ခွင့်မရရှိခဲ့ပေမယ့် ပွဲကစားချိန် (၆၄) မိနစ်မှာ လူစားဝင်လာခဲ့ပြီးနောက် အသင်းအတွက် ခြေစွမ်းပြကာ ပွဲသိမ်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ နှစ်ဂိုးသွင်းပြီး ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး အာရန်ဂို ပေးလိုက်တဲ့ ဘောလုံးကို ဂါရတ်ဘေးလ်က တောင်ပံတလျှောက် ဆွဲပြေးသွားခဲ့ပါတယ်။


ရီးရဲလ်ဆော့လိတ်နောက်ခံလူ ဂျက်စတန်ဂလတ်က ဂါရတ်ဘေးလ်ကို တားဆီးဖို့ ကြိုးစားခဲ့ပေမယ့် ဂါရတ်ဘေးလ်ရဲ့ ကြံ့ခိုင်မှုနဲ့ လျင်မြန်မှုပိုင်းကို ဘယ်လိုမှမယှဥ်နိုင်ခဲ့ပါဘူး။ ဂါရတ်ဘေးလ်ဟာ ထောင့်ကန်ဘောအလံတိုင်နားကနေ အတွင်းကို ပြန်လည်ချိုးဝင်လာခဲ့ပြီးနောက် အသင်းဖော်တိုက်စစ်မှူးကို မပေးတော့ဘဲ ဂိုးသမားနဲ့ ထောင့်ဖြတ်အနေအထားကနေ အမှားအယွင်းမရှိ အဆုံးသတ် ကန်သွင်းခဲ့ပါတယ်။

ဂါရတ်ဘေးလ်အတွက်တော့ ဒီဂိုးက လော့စ်အိန်ဂျယ်လိစ်ကစားသမားဘဝမှာ ဒုတိယမြောက်သွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။ ဂါရတ်ဘေးလ်ဟာ အသင်းအတွက် (၄) ပွဲသာ ပါဝင်ကစားပေးထားရပြီး ဒီ (၄) ပွဲလုံးမှာလည်း လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ကစားခွင့်ရရှိထားတာပါ။

ဝေးလ်စ်လက်ရွေးစင်အသင်းခေါင်းဆောင် ဂါရတ်ဘေးလ်အတွက် အမေရိကန်နိုင်ငံရဲ့ ရာသီဥတုအနေအထားက သူ့အတွက် အခက်အခဲတခုဖြစ်နေကြောင်း ဖွင့်ဟဝန်ခံထားပါသေးတယ်။ လက်ရှိနွေရာသီမှာ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲခဲ့တဲ့နောက် ဂါရတ်ဘေးလ်တယောက် မေဂျာလိဂ်ကို ရောက်ရှိလာတာဖြစ်ပြီး ဒါဟာ လာမယ့် ကာတာကမ္ဘာ့ဖလားမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက်ဖြစ်ကြောင်းလည်း သိရှိရပါတယ်။ 

Share

Loading Next Article...
က္က