ယူနိုက်တက် နောက်ခံလူဟောင်းကြီး ဂယ်ရီနဗီးလ်က သူ့အသင်းရဲ့ အနေအထားအပေါ် စိတ်ပျက်နေပြီး အခြားသောကလပ်အသင်းတွေ၊ ကစားသမားတွေအနေနဲ့ ယူနိုက်တက်ဘက်ကသာ ဖုန်းခေါ်ဆိုလာခဲ့ရင် ချက်ချင်းငြင်းဆန်လိုက်ဖို့ အကြံပေးခဲ့ပါတယ်။
ရာသီအဖွင့် ဘရိုက်တန်နဲ့ အိမ်ကွင်းအိုးထရက်ဖို့ဒ်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့နောက် နဗီးလ်က အခုလိုပဲ စိတ်ပျက်လက်ပျက် ပြောကြားလာတာပါ။ စကိုင်းစပေါ့နဲ့ ပြုလုပ်ခဲ့တဲ့ ရုပ်သံအစီအစဥ်တခုမှာ နဗီးလ်က “ယူနိုက်တက်ဘက်ကသာ ဖုန်းခေါ်လာခဲ့ရင် ခင်ဗျားတို့ အရင်ဆုံးလုပ်ရမှာက ကမ်းလှမ်းမှုကို ငြင်းဆန်ဖို့ပါပဲ”
“သူတို့က ဘရိုက်တန်ကို ရှုံးသွားပြီဆိုတော့ အရင်နေ့တွေကထက် ပိုမိုဆိုးရွားတဲ့ အနေအထားကနေ လာပြီး ညှိနှိုင်းတော့မှာပဲလေ။ ဒါက ကြီးမားတဲ့ ပြဿနာတခုပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်တို့ အနော်တိုဗစ်ကိုခေါ်ယူဖို့ကိစ္စရပ်အပေါ် နဗီးလ်ရဲ့ အမြင်ကို မေးမြန်းခဲ့ပေမယ့် “ကျနော် မသိပါဘူး”
“ဒီအတွက် ဘာမှလည်း မှတ်ချက်ပေးစရာမရှိပါဘူး။ ယူနိုက်တက်က အနော်တိုဗစ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့တာနဲ့ပတ်သက်လို့ တကမ္ဘာလုံးက မှတ်ချက်ကို ကျနော် ရထားပြီးပါပြီ။ ကျနော် ကိုယ်တိုင်တော့ ဘာမှပြောစရာမရှိပါဘူး” လို့ နဗီးလ်က ပြောကြားသွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဘရိုက်တန်ကို ရှုံးနိမ့်ပြီး (၂၄) နာရီမပြည့်ခင်မှာတင် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ဂျူဗင်တပ်စ် ကွင်းလယ်လူ ရာဘီရော့၊ အသက်အရွယ်အရ အကျပိုင်းရောက်နေတဲ့ ဘိုလော့ဂ်နာတိုက်စစ်မှူး အနော်တိုဗစ်တို့နဲ့ သတင်းတွေထွက်ပေါ်လာခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်နေရပါတယ်။