Twitter ကို ဝယ်ဖို့ ကတိဖျက်ထားတဲ့ သူဌေးကြီးဟာ ကိုယ်ပိုင် Social Media ပလက်ဖောင်းသစ်ပဲ ထောင်မယ်လို့ ပြောလာပြီ ဖြစ်ပါတယ်။
Tesla သူဌေး အီလွန်မတ်စ်ဟာ X.com နာမည်နဲ့ Social Media ထောင်မယ်ဆိုပြီး ပြောလိုက်တာ ဖြစ်ပါတယ်။ ဒီ Domain နာမည်က သူအရင် ထောင်ထားတဲ့ နည်းပညာလုပ်ငန်းတစ်ခုရဲ့ နာမည်ပါ။ X.com ဟာ ပြိုင်ဘက် အွန်လိုင်း Banking ဝက်ဘ်ဆိုက်တစ်ခု ဖြစ်တဲ့ Confinity Inc နဲ့ ပေါင်းစည်းခဲ့ပြီး နောက်ပိုင်းမှာ PayPal ဆိုပြီး Global Brand တစ်ခုအဖြစ် ကမ္ဘာကျော်ခဲ့ပါတယ်။ အီလွန်မတ်စ်ဟာ PayPal ကို အွန်လိုင်းလေလံအရောင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ eBay ဆီ ၂၀၀၂ ခုနှစ်မှာ ဒေါ်လာ ၁.၅ ဘီလျံနဲ့ ရောင်းချခဲ့တာပါ။
အင်္ဂါနေ့က Twitter ပေါ်မှာ Tesla Owners Silicon Valley အကောင့်နဲ့ "Twitter နဲ့ အရောင်းအဝယ်ဖြစ်မလာခဲ့ရင် ကိုယ်ပိုင် လူမှုကွန်ရက်ပလက်ဖောင်း ဖန်တီးဖို့ စဉ်းစားထားသလား" ဆိုတဲ့ Tweet ကို အီလွန်မတ်စ်က "X.com" ဆိုပြီး Reply ပြန်ခဲ့ပါတယ်။ Twitter နဲ့ အရောင်းအဝယ်ကိစ္စ ဖျက်သိမ်းခဲ့တာကြောင့် တရားရင်ဆိုင်နေရတဲ့ အီလွန်မတ်စ်ဟာ အခြေအနေအရ Twitter ကို ဝယ်ဖြစ်ခဲ့ရင် အရေးပေါ်အနေနဲ့ လက်ထဲ ငွေရှိနေဖို့ ဒေါ်လာ ၆.၉ ဘီလျံတန် Tesla ရှယ်ယာ ၇.၉၂ သန်းကို ထုတ်ရောင်းပြီးနောက် အခုလို မှတ်ချက်ပေးလာတာပါ။
ဩဂုတ်လ ၅ ရက်ကနေ ၉ ရက်အတွင်း အီလွန်မတ်စ်ဟာ အစုရှယ်ယာပေါင်း ၇၉၂၄၁၀၇ စုအတွက် အစုရှယ်ယာ တစ်စုကို ပျမ်းမျှ ၈၇၅ ဒေါ်လာနှုန်းနဲ့ ရောင်းချသွားတာပါ။ အစုရှယ်ယာ ၈ သန်းနီးပါး (ကန်ဒေါ်လာ ၆.၉ ဘီလျံဖိုး) ရောင်းချမှုကနေ ဖက်ဒရယ်အခွန်ဌာနကို ရောင်းရတဲ့အထဲက ဒေါ်လာ ၁.၆၅ ဘီလျံခန့် ပေးရမှာ ဖြစ်လို့ သူ့အနေနဲ့ ဒေါ်လာ ၅.၂၅ ဘီလျံခန့်ပဲ ရရှိမှာပါ။ Twitter ဝယ်ဖို့အတွက်နဲ့ ပြီးခဲ့တဲ့ ဧပြီလကလည်း အီလွန်မတ်စ်ဟာ သူ့ပိုင် Tesla ရှယ်ယာ ၈.၄ ဘီလျံဖိုးကို ရောင်းချထားတာပါ။ အသက် ၅၁ နှစ်အရွယ် အီလွန်မတ်စ်ဟာ ပြီးခဲ့တဲ့ ၁၀ လအတွင်း သူ့ပိုင် Tesla အစုရှယ်ယာ ၃၂ ဘီလျံဖိုး ဝန်းကျင် ရောင်းချခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။
အကောင့်တုကိစ္စ အကြောင်းပြုပြီး Twitter ကို မဝယ်တော့ဘူးလို့ ပြောခဲ့တဲ့ နောက် အီလွန်မတ်စ်နဲ့ Twitter အကြား ဥပဒေရေးရာတိုက်ပွဲတွေ စတင်ခဲ့ပါတယ်။ Twitter ကို အစုရှယ်ယာတစ်ခု ၅၄.၂၀ ဒေါ်လာနှုန်းနဲ့ ဒေါ်လာ ၄၄ ဘီလျံပေးပြီး ဝယ်မယ်ဆိုတဲ့ အီလွန်မတ်စ်ရဲ့ ကမ်းလှမ်းမှုကို အစောပိုင်းက ကုမ္ပဏီရှယ်ယာရှင်တွေ သဘောမတူခဲ့ပေမယ့် နောက်တော့ ရောင်းချဖို့ ခေါင်းငြိမ့်ခဲ့ပါတယ်။ ပြဿနာက Twitter လူမှုကွန်ရက်ပေါ်က တကယ်သုံးစွဲသူမဟုတ်တဲ့ အကောင့်တုအရေအတွက်ကိစ္စပဲ ဖြစ်ပါတယ်။ Twitter ဘက်က အကောင့်တုအရေအတွက်ဟာ အသုံးပြုသူဦးရေရဲ့ ၅% အောက်ပဲ ရှိတယ်လို့ ထုတ်ပြန်ခဲ့တဲ့အပေါ် အီလွန်မတ်စ်က သဘောတူခဲ့ခြင်း မရှိဘဲ ကိုယ်တိုင်စစ်ဆေးခွင့်ပြုဖို့ တောင်းဆိုခဲ့တာတွေ ရှိပြီး ဒါကို Twitter ဘက်က လက်မခံခဲ့တဲ့နောက် အီလွန်မတ်စ်က အရောင်းအဝယ်ဖျက်ခဲ့တာပါ။
Twitter နဲ့ အီလွန်မတ်စ်တို့ဟာ လာမယ့် အောက်တိုဘာ ၁၇ ရက်နေ့ ဒီလာဝဲလ်တရားရုံးမှာ တရားရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ အီလွန်မတ်စ်ဘက်ကလည်း Twitter ကို အပြန်အလှန် တရားစွဲထားတာ ရှိပါတယ်။ အမှုကိစ္စ အရှိန်တက်နေချိန်မှာ Twitter ကို အစားထိုးနိုင်မယ့် Social Media သစ်တစ်ခု ကိုယ်တိုင်ထောင်မယ်လို့ အီလွန်မတ်စ်ဘက်က သွေးတိုးစမ်း ပြောလာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကလည်း Twitter Users တစ်ဦးက မတ်စ်ကို mention ခေါ်ပြီး Social Media ပလက်ဖောင်းသစ် ထောင်ဖို့ စဉ်းစားနေသလားဆိုတဲ့ မေးခွန်းကို အလေးအနက်စဉ်းစားနေတယ်လို့ မတ်စ်က ပြန်ဖြေထားတာ ရှိပါတယ်။
X.com ကို Twitter နဲ့ အပြိုင် လူမှုကွန်ရက်ပလက်ဖောင်းတစ်ခုအဖြစ် အသက်သွင်း ဖြစ်မယ်ဆိုရင် မတ်စ်ဟာ အကောင့်တု Bots ရှင်းလင်းရေး နဲ့ ဆင်ဆာဖြတ်မှု လျှော့ချရေးကို ဦးစားပေးသွားဖို့ ရှိပါတယ်။ အရင်ကလည်း သူဟာ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို Ban တဲ့ Twitter ရဲ့ အပြုအမူနဲ့ Twitter ပေါ်က လူမဟုတ်တဲ့ အကောင့်တု Bots ကိစ္စကို ဝေဖန်ကန့်ကွက်ခဲ့ပါတယ်။ X.com နာမည်နဲ့ Social Media ထော်ငမယ်ဆိုတာ Twitter ကို တမင်သက်သက် ကလိလိုက်တာလား အတည်လားဆိုတာကတော့ အီလွန်မတ်စ်ပဲ သိမယ့်ကိစ္စဖြစ်ပါတယ်။