ရော်နယ်ဒိုကိုမခေါ်ယူဘူးလို့ ပီရက်ဇ်က ငြင်းဆန်ခဲ့တာပါ။

ရော်နယ်ဒိုရဲ့အမဖြစ်သူ အယ်လ်မာအေဗီရိုက ရီးရဲလ်မက်ဒရစ်ဥက္ကဌ ပီရက်ဇ်ရဲ့ မှတ်ချက်နဲ့ပတ်သက်လို့ အပြင်းအထန် ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။ ဥရောပစူပါဖလားဗိုလ်လုပွဲအပြီးမှာ ပရိသတ်တယောက်က အသင်းနဲ့အတူ အောင်မြင်ခဲ့တဲ့ ရော်နယ်ဒိုကိုပြန်ခေါ်ဖို့ အစီအစဥ်ရှိ၊ မရှိ ပီရက်ဇ်ကိုမေးမြန်းခဲ့ပါတယ်။



ဒါပေမယ့် ပီရက်ဇ်ကတော့ “ထပ်ပြီးမေးပြန်တာလား။ သူ့အသက်က (၃၈) နှစ်ရှိနေပြီ” လို့ ဆိုကာ အသက်ကြီးနေလို့ ပြန်မခေါ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ပီရက်ဇ်ရဲ့ ဒီစကားအပေါ်မှာတော့ ရော်နယ်ဒိုရဲ့အမဖြစ်သူ အယ်လ်မာက တော်တော်လေး ပေါက်ကွဲနေပြီး ပြင်းထန်တဲ့စကားလုံးတွေနဲ့ အခုလိုပဲ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

အယ်လ်မာက “ရော်နယ်ဒိုက အသက် (၃၈) နှစ်ရှိပြီဆိုပေမယ့် သူက (၂) မီတာလောက်ခုန်နိုင်တယ်၊ ပြီးရင် အဲ့ဒီလိုခုန်နေရင်းနဲ့ပဲ လေထဲမှာ (၃) မိနစ်လောက် နေနိုင်ပါတယ်။ သူ့ခန္ဓာကိုယ်မှာလည်း ဘာအဆီမှမရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း လေးစားပါဦး အဘိုးကြီး။ ရှင့်အသက်က (၇၅) နှစ်ရှိနေပြီ” လို့ တုံ့ပြန်သွားခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ဟာလည်း တိုက်စစ်မှူး ဘန်ဇီမာရဲ့နေရာကို အရံသင့်အစားထိုးဝင်ရောက်နိုင်မယ့် တိုက်စစ်မှူးတယောက်ကို လိုအပ်နေပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်တို့ လက်ရှိအချိန်မှာ တိုက်စစ်မှူးသစ်ခေါ်ယူဖို့ အစီအစဥ်မရှိသေးပါဘူး။ ဒါ့အပြင် ခေါ်ယူဖြစ်ခဲ့ရင်လည်း ရော်နယ်ဒိုကို ထည့်သွင်းစဥ်းစားမှာမဟုတ်ကြောင်း အရင်တည်းက သတင်းတွေမှာဖော်ပြခဲ့ပါတယ်။

ရော်နယ်ဒိုဟာ သူ့ရဲ့ချန်ပီယံလိဂ်အိပ်မက်အတွက် ယူနိုက်တက်ကနေ ထွက်ခွာဖို့ ဆန္ဒပြင်းပြနေပေမယ့် သူ့ကိုခေါ်ယူမယ့် အသင်းမရှိတာကြောင့် လက်ရှိအချိန်ထိ ယူနိုက်တက်မှာသာ ဆက်လက်ကစားနေပါတယ်။ ရော်နယ်ဒိုရဲ့အမဖြစ်သူကလည်း အရင်တည်းက သူ့မောင်နဲ့ပတ်သက်လာရင် ရှေ့ကနေ မားမားမတ်မတ် ကာကွယ်ပေးခဲ့ပြီး အခုတခါမှာလည်း ဒီလိုမျိုးပဲ ပီရက်ဇ်ကို တုံ့ပြန်ခဲ့ကြောင်း ဒေးလီးမေးလ်သတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။ 

Share

Loading Next Article...
က္က