ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး အီလွန်မတ်စ်ဟာ အင်္ဂလန်ပရီးမီးယားလိဂ်အသင်းကြီးတစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ဝယ်နေတယ်ဆိုပြီး Tweet တင်လိုက်ပါတယ်။
Twitter နဲ့ အရောင်းအဝယ်ကိစ္စဖျက်လိုက်ပြီးနောက် ဥပဒေကြောင်းအရ အမှုရင်ဆိုင်နေချိန်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ဝယ်နေတယ်ဆိုပြီး သူ့ရဲ့ Twitter ပေါ်တင်ခဲ့တာပါ။ "ရှင်းအောင် ပြောရရင် ကျွန်တော်က ရီပတ်ဘလစ်ကန်ပါတီရဲ့ ဘယ်ဘက်အခြမ်းနဲ့ ဒီမိုကရက်တစ်ပါတီရဲ့လက်ယာခြမ်းကို ထောက်ခံနေတာပါ။" လို့ ဟာသလုပ်ခဲ့ပြီးနောက် "ကျွန်တော် မန်ချက်စတာ ယူနိုက်တက်အသင်းကိုလည်း ဝယ်နေပါတယ်။ " ဆိုပြီး Tweet တစ်ခု တင်ခဲ့တာပါ။
ဒီ Tweet ဟာ အီလွန်မတ်စ်ရဲ့ထုံးစံအတိုင်း အရွှတ်အနောက် ဟာသတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ကမ္ဘာကျော် ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ဝယ်ဖို့ ကိစ္စကို သူတကယ်ပဲ စီစဉ်ထားသလားဆိုတာတော့ အခုချိန်မှာ မသိနိုင်သေးပါဘူး။ ပရီးမီးယားလိဂ်ရာသီအစ ရလဒ်ဆိုးရွားမှုတွေ ကြုံနေတာကြောင့် အသင်းပိုင်ရှင် ဂလေဇာမိသားစုကို နှုတ်ထွက်ပေးဖို့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေက တောင်းဆိုနေပါတယ်။
ဒီအချိန်မှာ အီလွန်မတ်စ်က မန်ချက်စတာယူနိုက်တက်အသင်းကို ဝယ်နေတယ်လို့ Tweet တင်လိုက်တာကြောင့် လူမှုကွန်ရက်ပေါ်မှာ စိတ်ဝင်စားမှုတွေ ရှိနေကြပါတယ်။ အင်္ဂလန်မြောက်ပိုင်းအသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ဟာ Twitter အကောင့်မှာ follower ၃၂ သန်းကျော် ရှိထားပြီး အီလွန်မတ်စ်ရဲ့ Tweet လည်း ၂ နာရီအတွင်း like ၂၂၀၀၀၀ ကျော် တက်လာခဲ့ပါတယ်။
ဂလေဇာမိသားစုဟာ အသင်းကို ပေါင် ၄ ဘီလျံပေးဝယ်ရင် ရောင်းချဖို့ ပြင်ဆင်နေတယ်ဆိုပြီး ဗြိတိန်သတင်းစာကြီးတစ်ခုဖြစ်တဲ့ The Daily Mirror က ပြီးခဲ့တဲ့နှစ်ထဲမှာ ဖော်ပြခဲ့ဖူးပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကို အမေရိကန်စီးပွားရေးလုပ်ငန်းရှင် မဲလ်ကွန်ဂလေဇာနဲ့ မိသားစုတို့က ၂၀၀၅ ခုနှစ်မှာ ပေါင် သန်း ၇၉၀ နဲ့ အကြွေးတွေသုံးပြီး ဝယ်ယူခဲ့တာပါ။ အင်္ဂါနေ့ စတော့ခ်ဈေးကွက်အပိတ်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဈေးကွက်တန်ဖိုး ဒေါ်လာ ၂.၀၈ ဘီလျံနဲ့ ရပ်တည်နေပါတယ်။
Tesla သူဌေးကြီး အီလွန်မတ်စ်ဟာ တကယ်ပဲ မန်ချက်စတာယူနိုက်တက်အသင်းကို ဝယ်မလားဆိုတာကို လူမှုကွန်ရက်သုံးသူတွေ ငြင်းခုံနေကြပါတယ်။ လာမယ့် အောက်တိုဘာလထဲမှာ အီလွန်မတ်စ်ဟာ Twitter ကို ဒေါ်လာ ၄၄ ဘီလျံနဲ့ ဝယ်မယ့်ကိစ္စကတော့ ကတိဖျက်ခဲ့လို့ တရားရုံးမှာ ကြားနာမှုလုပ်ရတော့မှာပါ။