Tesla သူဌေးကြီး အီလွန်မတ်စ်ဟာ ဒီကနေ့ မနက်ပိုင်းမှာ ယူနိုက်တက်ကို ဝယ်ယူမယ့်အကြောင်း တွစ်တာပေါ်မှာ ရေးသားခဲ့ပေမယ့် ဒါက နောက်ပြောင်မှုသာဖြစ်ကြောင်း ပြန်လည် ဖြေရှင်းသွားခဲ့ပါတယ်။ အီလွန်မတ်စ်ဟာ ကမ္ဘာကျော်တယောက်ဖြစ်ပေမယ့်လည်း သူ့ရဲ့ဆိုရှယ်မီဒီယာမှာတော့ ပေါ့ပေါ့ပါးပါးနဲ့ မကြာခဏ နောက်ပြောင်လေ့ရှိပါတယ်။
သူဟာတွစ်တာကိုဝယ်ယူမယ့်ကိစ္စနဲ့ပတ်သက်လို့ ပြဿနာတွေတက်ခဲ့ပြီး အခုတကြိမ်မှာတော့ ယူနိုက်တက်ကို ဝယ်ယူမယ့်အကြောင်း ရေးသားခဲ့တာဖြစ်ပါတယ်။ အီလွန်မတ်စ်က “ကျနော် မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူနေပါတယ်။ သူတို့ကိုကြိုဆိုပါတယ်” လို့ သူ့ရဲ့တရားဝင်တွစ်တာအကောင့်ကတဆင့် ဒီကနေ့ မနက်ပိုင်းမှာ ရေးသားခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒီဖြစ်ရပ်က တကယ်ဟုတ်၊ မဟုတ်မေးမြန်းချိန်မှာတော့ အီလွန်မတ်စ်က “မဟုတ်ပါဘူး။ ဒါက တွစ်တာပေါ်မှာ စနောက်နေကျအတိုင်းပါပဲ။ ကျနော့်အနေနဲ့ ဘယ်အားကစားအသင်းကိုမှ ဝယ်ယူမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တသင်းသင်းကို ဝယ်ယူဖြစ်ခဲ့ရင်လည်း ဒါက ယူနိုက်တက်အသင်းပဲဖြစ်မှာပါ။ သူတို့အသင်းက ကျနော့်ငယ်ဘဝတည်းက အကြိုက်ဆုံးအသင်းပါ” လို့ ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ပရိသတ်တွေကတော့ အီလွန်မတ်စ်ရဲ့ ပြောစကားကြောင့် သူတို့အသင်းကို ဝယ်ယူဖို့ မျှော်လင့်ရမလို၊ မမျှော်လင့်ရမလိုဖြစ်နေခဲ့ပါတယ်။ ယူနိုက်တက်အသင်းပိုင်ရှင် ဂလေဇာနဲ့ပတ်သက်လို့ ပရိသတ်တွေရဲ့ ဆန့်ကျင်မှုက တစထက်တစ ပိုမိုပြင်းထန်လာခဲ့ပြီဖြစ်ပါတယ်။
ဂလေဇာမိသားစုဟာ ကွင်းပြင်ပအကျိုးအမြတ်ကိုသာ ဦးစားပေးတဲ့အပြင် ရော်နယ်ဒိုကိုရောင်းချလိုတဲ့ နည်းပြတန်ဟက်ခ်ရဲ့ ကွင်းတွင်းအစီအစဥ်ကိုပါ တားမြစ်နေပါတယ်။ ဂလေဇာတို့က ရော်နယ်ဒိုကြောင့်ရရှိနေတဲ့ အကျိုးအမြတ်တွေကို မက်မောနေတာကြောင့် ဒီကစားသမားကို မရောင်းချဘဲ အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ ဆန္ဒရှိနေပါတယ်။