ကာရေဂါ၊ ဂယ်ရီနဗီးလ်တို့နဲ့အတူ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က အမေးအဖြေကဏ္ဍကို ပြုလုပ်ခဲ့ပြီး ဒီအစီအစဥ်ကိုတော့ စကိုင်းစပေါ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီအမေးအဖြေအစီအစဥ်တွေမှာ ရော်နယ်ဒိုအကြောင်း၊ ဘရန့်ဖို့ဒ်နဲ့ပွဲကရှုံးပွဲတွေအကြောင်းနဲ့ ကစားသမားသစ်ခေါ်ယူမှုတွေအကြောင်းလည်း ပါဝင်ခဲ့ပါတယ်။
တန်ဟက်ခ်ဟာ ဒီစကားပြောခန်းမှာ သူ့ရဲ့နောက်ခံလူသစ် လီဆန်ဒရိုမာတီနက်ဇ်ရဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲက စွမ်းဆောင်ရည်ကို ကာကွယ်ပြောကြားခဲ့ပြီး လေးဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့တဲ့ အဲ့ဒီပွဲမှာ ပထမပိုင်းအပြီးနဲ့ ကစားသမား (၁၁) ယောက်လုံးကို လူစားလဲပစ်ချင်ခဲ့ကြောင်းကို ထပ်မံပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လာမယ့်ရက်ပိုင်းအတွင်း အသင်းအတွက် သင့်တော်မှန်ကန်တဲ့ ကစားသမားတွေကိုခေါ်ယူနိုင်မှာကိုလည်း သေချာပေါက်ယုံကြည်ထားကြောင်း တန်ဟက်ခ်က ပြောခဲ့ပါတယ်။
ကစားသမားသစ်ခေါ်ယူမှုတွေနဲ့ပတ်သက်လို့ ဂယ်ရီနဗီးလ်ရဲ့ မေးခွန်းတွေအပေါ်မှာ တန်ဟက်ခ်က “ကျနော်တို့က ဘယ်ကစားသမားကိုမဆို ခေါ်ယူမှာမဟုတ်ပါဘူး။ အသင်းအတွက် သင့်တော်မှန်ကန်တဲ့ ကစားသမားတွေကိုပဲ အသင်းနဲ့အတူဆုံးဖြတ်ပြီး ခေါ်ယူသွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ပြိုင်ဘက်က ယူနိုက်တက် ကစားသမားတွေထက် နိုင်လိုစိတ်ပိုမိုပြင်းပြခဲ့တဲ့အကြောင်းကိုလည်း နဗီးလ်က မေးခွန်းထုတ်ခဲ့ပါတယ်။
ဒီအပေါ်မှာ တန်ဟက်ခ်က “ကျနော် ဒါကို ပြောင်းလဲရမှာဖြစ်ပါတယ်။ ဒီအတွက်လည်း အသင်းက ကျနော့်ကို ခန့်အပ်ထားတာပေါ့” လို့ တုံ့ပြန်ခဲ့ပါတယ်။ နဗီးလ်ကပဲ “ရော်နယ်ဒိုက လာမယ့်နှစ်ပတ်အတွင်း အမှန်တရားတွေကို ထုတ်ပြောမယ်လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးထားပါတယ်။ ဒါကရော ခင်ဗျားအတွက်၊ အသင်းရဲ့အဝတ်လဲခန်းအတွက် ဘယ်လို အကူအညီဖြစ်မလဲ” လို့ မေးမြန်းခဲ့ပါတယ်။
တန်ဟက်ခ်ကတော့ “ရော်နယ်ဒို အဲ့ဒီလိုလုပ်ပြီး ဘာဖြစ်နေချင်တာလဲဆိုတာကို ကျနော်လည်း မသိပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ ကာရေဂါကလည်း ရော်နယ်ဒိုအနေနဲ့ အသင်းကထွက်ချင်နေတယ်ဆိုရင် နည်းပြတယောက်အနေနဲ့ အသင်းကို ထွက်ခွာခွင့်ပေးခိုင်းရမှာမဟုတ်ဘူးလားဆိုတဲ့ မေးခွန်းကို မေးမြန်းခဲ့ပါတယ်။ ဒီမေးခွန်းနဲ့ပတ်သက်လို့ တန်ဟက်ခ်ကတော့ “ရော်နယ်ဒို ကျနော်တို့ကို ဒါမျိုးပြောထားတာ မဟုတ်ပါဘူး” လို့ ဖြေရှင်းခဲ့ပါတယ်။ စကိုင်းစပေါ့ဟာ ဒီအင်တာဗျူးကို Trailer အဖြစ်နဲ့သာ မိတ်ဆက်ခဲ့ပြီး လာမယ့်တနင်္လာမှသာ အပြည့်အစုံ ထွက်ရှိလာမှာဖြစ်ပါတယ်။