Apple ရဲ့ ၂၀၂၂ မော်ဒယ် iPhone သစ်တွေထဲမှာ Pro မော်ဒယ်တွေ ဝယ်လိုအား တက်လာနိုင်ပါတယ်။
iPhone 14 Lineup မှာ သုံးတဲ့ Display Panel ထုတ်လုပ်မှုနဲ့ တင်ပို့မှုအချက်အလက်တွေက Apple ဟာ ဒီနှစ်ဆောင်းဦးပေါက်မှာ လာမယ့် iPhone 14 Pro မော်ဒယ်တွေ ဝယ်လိုအားမြင့်မယ်လို့ ခန့်မှန်းထားကြောင်း ဖော်ပြထားပါတယ်။ စက်တင်ဘာထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ ကြေညာလာဖို့ ရှိတဲ့ iPhone သစ်တွေထဲမှာ Pro မော်ဒယ်တွေဟာ အပြောင်းအလဲအများဆုံး မြင်တွေ့ရမယ့် ထုတ်ကုန်တွေ ဖြစ်လာဖို့ ရှိပါတယ်။ DSCC က ဈေးကွက်သုတေသနပညာရှင် ရော့စ်ယန်းဂ် မျှဝေတဲ့ အချက်အလက်တွေအရ Apple Suppliers တွေဟာ Pro မော်ဒယ်အတွက် panel ထုတ်လုပ်မှုပိုင်းကို သိသိသာသာ အာရုံစိုက်နေကြတယ်လို့ ဆိုပါတယ်။
ဇွန်လကနေ စက်တင်ဘာအထိ Panel တင်ပို့မှုအများဆုံးက iPhone 14 Pro Max နဲ့ သက်ဆိုင်နေပြီး ဒီမော်ဒယ်အတွက် Panel ထုတ်လုပ်မှုက ၂၈% ရှိပြီး သူ့နောက်မှာ iPhone 14 နဲ့ iPhone 14 Pro တို့က ၂၆% စီ ၊ iPhone 14 Max အတွက် ၁၉% ရှိနေတယ်လို့ ရော့စ်ယန်းဂ်က ပြောပါတယ်။ ထုတ်လုပ်ရေးပိုင်းမှာ iPhone 14 Pro Max ဟာ iPhone သစ် ထုတ်လုပ်မှုရဲ့ ၂၉% ရှိပြီး iPhone 14 Max က ၂၁% ရှိနေတယ်လို့လည်း ဆိုပါတယ်။
ထုတ်လုပ်ရေးပိုင်း နဲ့ Panel တင်ပို့မှုမှာ ၂၁% နဲ့ ၁၉% ပဲ ရှိပေမယ့် ၆.၇ လက်မဆိုဒ် iPhone 14 Max ဟာ စက်တင်ဘာထုတ်ကုန်မိတ်ဆက်ပွဲမှာ ဈေးကွက်ထဲ တခြားမော်ဒယ်တွေထက် အရင်ရောက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ အရည်အသွေးအမြင့်ဆုံး iPhone သစ် ကိုင်ဖို့ စိတ်ကူးနေသူတွေကတော့ Pro Lineup ထဲက iPhone 14 Pro နဲ့ ပိုကြီးတဲ့ iPhone 14 Pro Max တွေကို ရွေးချယ်ဖို့ ရှိပါတယ်။
Pro စီးရီးဟာ ပိုကောင်းတဲ့ ကင်မရာစနစ် ၊ အားပိုခံလာတဲ့ ဘက်ထရီ ၊ Processor အသစ် နဲ့ လုံးဝပြောင်းလဲတဲ့ ဒီဇိုင်းကို သုံးလာနိုင်ပါတယ်။ ကင်မရာပိုင်းမှာ 12MP ကနေ 48MP Sensor ကို သုံးလာပြီး Always-On Display ပါ Pill and Hole Cutout ကင်မရာပုံစံသစ်ကို စပြီး အသုံးပြုလာဖို့ ရှိပါတယ်။ ဈေးနှုန်းအနေနဲ့လည်း အရင်တုန်းကထက် ဒေါ်လာ ၁၀၀ မက ဈေးပိုကြီးလာမယ်လို့ သတင်းတွေ ကြားနေရပါတယ်။ iPhone 14 Pro Max ဟာ 256GB Storage မော်ဒယ်ကနေ စတင်သွားဖို့ရှိပြီး ဒီနှစ်ထဲမှာ ဒေါ်လာ ၁၂၀၀ ဈေးကနေ စတင်ရောင်းချလာဖိုြ့ ရှိပါတယ်။
ရိုးရိုး iPhone 14 စီးရီးတွေဟာ ဒီဇိုင်းပြောင်းလဲဖို့ မရှိသလို Processor ကိုလည်း ၂၀၂၁ iPhone တွေမှာ သုံးခဲ့သလို A15 Bionic Chipset ကိုပဲ ပြန်သုံးလာနိုင်ပါတယ်။ Apple ဟာ လာမယ့် စက်တင်ဘာ ၇ ရက်နေ့ iPhone 14 သစ်တွေ ကြေညာသွားမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။