တန်ဟက်ခ်က ကစားသမားတွေနဲ့အတူ သူ့ကိုယ်သူအပြစ်ပေးခဲ့တာပါ။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်ဟာ လီဗာပူးနဲ့ပွဲမတိုင်ခင် ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး နောက်တရက် တနင်္ဂနွေမှာပဲ ကစားသမားတွေကို အားလပ်ရက်မပေးဘဲ အချိန်ပိုခေါ်၊ လေ့ကျင့်ခန်းဆင်းခိုင်းစေခဲ့တာကို ပရိသတ်အားလုံးသိရှိပြီးဖြစ်ပါတယ်။ ဒါ့အပြင် တန်ဟက်ခ်ဟာ အဆိုပါလေ့ကျင့်ခန်းအစီအစဥ်မှာ ကစားသမားတွေကို (၁၃.၈) ကီလိုမီတာ အလွတ်ပြေးခိုင်းခဲ့ပါတယ်။



ဒါဟာ ဘရန့်ဖို့ဒ်ကို လေးဂိုးပြတ်နဲ့ရှုံးခဲ့တဲ့ပွဲမှာ ပြိုင်ဘက်အသင်းထက် (၁၃.၈) ကီလိုမီတာလျော့ပြီး ပြေးခဲ့တာကို အပြစ်ပေးတဲ့အနေနဲ့ စေခိုင်းခဲ့တာဖြစ်ပါတယ်။ တန်ဟက်ခ်ရဲ့ ဒီဆုံးဖြတ်ချက်အပေါ် ကစားသမားတွေက မကျေမနပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တန်ဟက်ခ်က အံ့အားသင့်ဖို့ကောင်းစွာနဲ့ပဲ ကစားသမားတွေကိုပဲ ပြေးခိုင်းခဲ့တာမဟုတ်ဘဲ သူပါ အပြစ်ပေးခံတဲ့အနေနဲ့ ကစားသမားတွေနဲ့အတူတူ ပြေးခဲ့ပါတယ်။

ကစားသမားတွေကတော့ အသက် (၅၂) နှစ်အရွယ် တန်ဟက်ခ်ကပါ ဒီလိုမျိုး ပြစ်ဒဏ်ခံယူတဲ့အပေါ် အံ့အားသင့်ခဲ့ရပြီး ဘာမှစောဒကမတက်နိုင်တော့ဘဲ တန်ဟက်ခ်နဲ့အတူ ပြေးခဲ့ရတယ်လို့ သိရှိရပါတယ်။ တန်ဟက်ခ်ဟာ အပူချိန် (၃၃) ဒီဂရီအောက်မှာ သူ့ရဲ့အသက်အရွယ်နဲ့ အနေအထားကြောင့် ရုပ်ပိုင်းဆိုင်ရာအရ တော်တော်လေး ပင်ပန်းသွားခဲ့ပေမယ့် ကစားသမားတွေကတော့ တန်ဟက်ခ်ရဲ့လုပ်ရပ်အပေါ် အထင်ကြီးလေးစားခဲ့ရတယ်လို့ သတင်းရင်းမြစ်တွေကဆိုပါတယ်။


သတင်းရင်းမြစ်တယောက်က “ကစားသမားတွေက ဘရန့်ဖို့ဒ်နဲ့ပွဲကစွမ်းဆောင်ရည်အတွက် အပြစ်ပေးခံရတဲ့အခါမှာ ဒေါသထွက်ခဲ့ကြပေမယ့် တန်ဟက်ခ်ကိုယ်တိုင်ကပါ သူတို့နဲ့အတူတူဝင်ပြေးဖို့ လုပ်တဲ့အချိန်မှာတော့ ညည်းညူသံတွေ တိတ်သွားခဲ့ပါတယ်။ တန်ဟက်ခ်က သူဘာကြောင့် ဒါမျိုးဝင်ပြေးလဲဆိုတာ ဘယ်သူ့ကိုမှလည်း မပြောပါဘူး။ ဒါဟာ သူ့အနေနဲ့ စွမ်းဆောင်ရည်အတွက် ကစားသမားတွေအပေါ်ပဲ အပြစ်ပုံကျတာမျိုး အဖြစ်မခံနိုင်လို့ဆိုတာထင်ရှားပါတယ်”

“ကစားသမားတွေအတွက် ခက်ခဲတဲ့ လေ့ကျင့်ခန်းဖြစ်ခဲ့ပြီး တန်ဟက်ခ်အတွက် ပိုခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ပြီးသွားတဲ့နောက်မှာ ကစားသမားတွေကတော့ တန်ဟက်ခ်အပေါ် အထင်ကြီးလေးစားသွားကြပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လီဗာပူးနဲ့ပွဲမှာတော့ ပြိုင်ဘက်အသင်းထက် လုပ်အားနှုန်းပိုကောင်းခဲ့သလို အိုးထရက်ဖို့ဒ်မှာ ၂-၁ ဂိုးနဲ့အနိုင်ရရှိကာ ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ်နိုင်ပွဲကိုရရှိခဲ့ပြီလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က