ယူနိုက်တက်နည်းပြ တန်ဟက်ခ်က အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကို အသင်းမှာပဲ ဆက်ရှိစေချင်တဲ့အကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်ရဲ့ နောက်ဆုံးနှစ်ပွဲဆက်တိုက် အရံခုံမှာသာ ထိုင်နေခဲ့ရတာဖြစ်ပါတယ်။
ရော်နယ်ဒိုက ယူနိုက်တက်ကနေ ထွက်ခွာခွင့်တောင်းခံထားပြီး အပြောင်းအရွှေ့ပိတ်ဖို့ (၃) ရက်သာလိုတော့ချိန်အထိ ယူနိုက်တက်ကနေ ထွက်ခွာဖို့အတွက် အေးဂျင့် ဂျော့ချ်မန်ဒက်စ်နဲ့အတူ ကြိုးစားနေဆဲလည်းဖြစ်ပါတယ်။ ဒီလိုမျိုး ရော်နယ်ဒိုကို ရောင်းချမှာမဟုတ်ဘူးလို့ တန်ဟက်ခ်က နွေရာသီခြေစမ်းပွဲကာလမှာ ပြောခဲ့ပါသေးတယ်။
ဒါပေမယ့်လည်း ဘရန့်ဖို့ဒ်ကို လေးဂိုးပြတ်နဲ့ရှုံးနိမ့်အပြီး ရော်နယ်ဒိုရဲ့ အပြုအမူတွေကို မကြိုက်တော့တာကြောင့် တန်ဟက်ခ်က ရော်နယ်ဒိုကို အသင်းကထွက်သွားဖို့ ဆန္ဒရှိလာတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ရာသီအဖွင့် ဘရိုက်တန်နဲ့ပွဲ၊ လီဗာပူး၊ ဆောက်သမ်တန်တို့နဲ့ နောက်ဆုံးနှစ်ပွဲဆက်တို့မှာ အရံခုံသာ ထိုင်ခဲ့ရတာဖြစ်ပါတယ်။
ဒီလိုမျိုး ရော်နယ်ဒိုရဲ့အနာဂတ်နဲ့ပတ်သက်လို့ တန်ဟက်ခ်က “ကျနော်တို့ ရော်နယ်ဒိုကို ထည့်သွင်းအသုံးပြုခဲ့ပြီး ဒီတော့ သူ့ကို ယူနိုက်တက်မှာပဲ ဆက်ရှိစေချင်ပါတယ်။ ဒါကိုပဲ ကျနော်တို့ လိုချင်တာပါ။ ကျနော်လည်း ရော်နယ်ဒို အသင်းမှာဆက်ရှိနေဖို့မျှော်လင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါပေမယ့် တန်ဟက်ခ်ရဲ့ ပြောစကားတွေကတော့ ရင်ထဲကမပါတဲ့စကားတွေလို့ ပရိသတ်တွေကယုံကြည်နေကြပါတယ်။
တန်ဟက်ခ်ရဲ့ကစားကွက်နဲ့ ရော်နယ်ဒိုနဲ့ မလိုက်ဖက်တာကို အများစုက သဘောပေါက်ထားကြပါတယ်။ ယူနိုက်တက်တို့ တိုက်စစ်မှူးသစ်ခေါ်ယူရေးကိစ္စနဲ့ ပတ်သက်လို့လည်း တန်ဟက်ခ်က “ကျနော်တို့မှာ ရော်နယ်ဒို၊ ရပ်ရှ်ဖို့ဒ်၊ မာရှယ်လ်တို့ရှိနေတယ်ဆိုရင် အဆင်ပြေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ တောင်ပံကစားသမားအဖြစ်နဲ့တော့ အေဂျက်စ်ကြယ်ပွင့် အန်တိုနီကိုခေါ်ယူဖို့ နီးစပ်နေပြီဖြစ်ပါတယ်။