အက်စတွန်ဗီလာကစားသမား ဒေါက်ဂလပ်စ်လုဇ်ဟာ မနေ့ညက အာဆင်နယ်ကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အသင်းအတွက် ချေပဂိုးကို ထောင့်ကန်ဘောကတဆင့် ကန်သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်က ဂျီးဆပ်စ်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ဒေါက်ဂလပ်စ်လုဇ်က ထောင့်ကန်ဘောကတဆင့် တိုက်ရိုက် ကန်သွင်းကာ ချေပဂိုးရရှိခဲ့တာပါ။
ဒီဂိုးမှာ အာဆင်နယ်ဂိုးသမား ရမ်စ်ဒေးလ်ရဲ့ လမ်းကြောင်းကို အက်စတွန်ဗီလာ ကစားသမားက ပိတ်ထားတယ်လို့ ရမ်စ်ဒေးလ်အပါအဝင် အာဆင်နယ် ကစားသမားအချို့က စောဒကတက်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ဗီလာအတွက် ကံဆိုးသွားတာက အနိုင်ဂိုးကို ချက်ချင်းပြန်ပေးလိုက်ရတာဖြစ်ပြီး မာတီနယ်လီက သွင်းယူခဲ့တာပါ။
ဒါပေမယ့်လည်း ဒေါက်ဂလပ်စ်လုဇ်ရဲ့ ကန်ချက်နဲ့သွင်းဂိုးကတော့ ချီးကျူးစရာဖြစ်နေပြီး သူ့အတွက် တပတ်အတွင်းမှာတင် ထောင့်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းခဲ့တဲ့ ဒုတိယမြောက်ဂိုးလည်းဖြစ်ခဲ့ပါတယ်။ ကြားရက်မှာ ကစားခဲ့တဲ့ ဘော်လ်တန်နဲ့ ကာရာဘောင်ဖလားပွဲမှာလည်း ဒေါက်ဂလပ်စ်လုဇ်က အခုလိုပဲ ထောင့်ကန်ဘောကနေ တိုက်ရိုက်ဂိုးသွင်းယူခဲ့ပါသေးတယ်။
နောက်ထပ်ထူးခြားတဲ့အချက်က ဒေါက်ဂလပ်စ်လုဇ်ဟာ ရာသီကြိုခြေစမ်းပွဲအဖြစ် ဝဲလ်ဆောနဲ့ ကစားခဲ့တဲ့ပွဲမှာလည်း ထောင့်ကန်ဘောကနေပဲ တိုက်ရိုက်ဂိုးသွင်းယူခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဒီရာသီမှာ သူ့ရဲ့ ထောင့်ကန်ဘောကနေ တိုက်ရိုက်သွင်းယူထားတဲ့ သွင်းဂိုးအရေအတွက်က (၃) ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ထောင့်ကန်ဘောကနေ ဂိုးထဲ တိုက်ရိုက်ကန်သွင်းဖို့ဆိုတာက ပြိုင်ဘက်နောက်တန်းနဲ့ဂိုးသမားရှိနေချိန်မှာ ခက်ခဲတဲ့ကိစ္စပါ။
ဒါပေမယ့် ဒီတရာသီတည်းမှာတင် ဒေါက်ဂလပ်စ်လုဇ်က ဒါမျိုးစွမ်းဆောင်ပြထားတာကြောင့် ဒါက တိုက်ဆိုင်မှုမဟုတ်တော့ဘဲ သေချာလေ့ကျင့်ထားတယ်ဆိုတာကို သက်သေပြနေပါတယ်။ သူ့ရဲ့ ဝေ့ဝိုက်ကန်ချက်က တော်တော်လေးကောင်းမွန်သလို အက်စတွန်ဗီလာကစားသမားတွေကလည်း ပြိုင်ဘက်ဂိုးသမားကို စိတ်အနှောင့်အယှက်ဖြစ်အောင်၊ ကာကွယ်ရခက်အောင် ဘောင်အတွင်းကနေ လုပ်ပေးခဲ့ကြတာလည်းဖြစ်ပါတယ်။