နူးနက်ဇ်ရဲ့အဖြစ်ကို မအောင့်အီးနိုင်ဘဲ ရယ်ပွဲဖွဲ့ခဲ့တာပါ။

လီဗာပူးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ဟာ အဲဗာတန်နဲ့ အဝေးကွင်းမှာ ကစားခဲ့တဲ့ မာဆေးဆိုက်ဒ်ဒါဘီပွဲစဥ်မှာ ဂိုးမသွင်းနိုင်ခဲ့သလို ပထမပိုင်းမှာလည်း သူ့ရဲ့ဖြစ်ရပ်တခုကြောင့် အဲဗာတန်ပရိသတ်ကလေးငယ်ရဲ့ လက်ညှိုးထိုးလှောင်ရယ်ခြင်းကို ခံခဲ့ရပါတယ်။ နူးနက်ဇ်ဟာ ပွဲပယ်ပြစ်ဒဏ်က လွတ်မြောက်ပြီးနောက် ဒီပွဲမှာ ပထမဆုံး ပြန်ကစားခွင့်ရရှိခဲ့တာပါ။



နူးနက်ဇ်ဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ အိမ်ကွင်းမှာ တဂိုးစီသရေကျခဲ့တဲ့ ပွဲအတွင်း ပြိုင်ဘက်နောက်ခံလူ ဂျိုအာချင်အန်ဒါဆန်ကို ခေါင်းနဲ့တိုက်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ထိခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ယူနိုက်တက်၊ ဘုန်းမောက်၊ နယူးကာဆယ်တို့နဲ့ ပွဲစဥ်တွေကို လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ သူ့အနေနဲ့ ပွဲပယ်ပြစ်ဒဏ်က ပြန်လည်လွတ်မြောက်လာတဲ့ ပထမဆုံးပွဲမှာတင် ပွဲထွက်ခွင့်ရရှိခဲ့တာပါ။

ဒါပေမယ့် ဒီပွဲမှာ သူ့ရဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေကို ပြိုင်ဘက်ဂိုးသမား ပစ်ဖို့ဒ် အကောင်းဆုံး လက်စွမ်းပြကာကွယ်ခဲ့ပါတယ်။ ဒါ့အပြင် ပထမပိုင်းမှာလည်း ထောင်ကန်ဘောအလံတိုင်နားမှာ နူးနက်ဇ်က အဲဗာတန်နောက်ခံလူ ပတ်တာဆန်နဲ့ ဘောလုံးယှဥ်လုခဲ့ပါတယ်။ ဒီလိုယှဥ်လုတဲ့နေရာမှာ နူးနက်ဇ်က လဲကျသွားခဲ့ပြီး အလံတိုင်ကိုလည်း သူ့ပေါင်ကြားနဲ့ ညှပ်ထားမိသလို ဖြစ်သွားခဲ့ပါတယ်။

ရုပ်သံကြည့်ပရိသတ်တွေကတော့ နူးနက်ဇ်ရဲ့ ဒီဖြစ်ရပ်ကို သတိပြုမိခဲ့ကြပါတယ်။ ဒါ့အပြင် ကွင်းအတွင်းမှာ ကြည့်ရှုအားပေးနေတဲ့ အဲဗာတန်ပရိသတ်ကလေးငယ်တယောက်ကလည်း နူးနက်ဇ်ရဲ့ အဖြစ်ကို လက်ညှိုးထိုးပြီး ရယ်မောနေခဲ့တာကို ရုပ်သံမှတ်တမ်းတွေမှာ မြင်တွေ့ခဲ့ရပါတယ်။ နူးနက်ဇ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် ဖူလ်ဟမ်နဲ့ နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ လူစားဝင်ပြီး တဂိုးသွင်း၊ တဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် အခု အဲဗာတန်နဲ့ပွဲမှာတော့ နူးနက်ဇ်တယောက် ဂိုးမသွင်းနိုင်ခဲ့ဘဲ လီဗာပူးကလည်း ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ လီဗာပူးဟာ ပရီးမီးယားလိဂ် (၆) ပွဲကစားပြီးချိန်မှာ ရမှတ် (၉) မှတ်သာရရှိထားပြီး ရုန်းကန်နေရပါတယ်။ လီဗာပူးအနေနဲ့ လာမယ့်ဗုဒ္ဓဟူးညမှာလည်း ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲအဖြစ် နာပိုလီကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က