အာနိုးလ်ရဲ့ခြေစွမ်းအပေါ် ဝေဖန်နေကြတာပါ။

လီဗာပူးညာနောက်ခံလူ အာနိုးလ်ဟာ နာပိုလီကို ၄-၁ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲစဥ်က ခြေစွမ်းကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရပါတယ်။ အဆိုပါအင်္ဂလန်သားဟာ အသင်းပေးလိုက်ရတဲ့ (၄) ဂိုးအနက် (၃) ဂိုးက သူ့တာဝန်မကင်းဘူးဖြစ်ခဲ့တယ်လို့ ရုပ်သံမှတ်တမ်းတွေကလည်း ဖော်ပြနေပါတယ်။



နာပိုလီတို့ ပထမဂိုးကို မီလ်နာလက်ထိလို့ရခဲ့တဲ့ ပင်နယ်တီကတဆင့် သွင်းယူခဲ့တာဖြစ်ပါတယ်။ နောက်ထပ်တဂိုးအတွက်လည်း နာပိုလီကစားသမားတွေ ဝမ်းတူးရိုက်တာကို အာနိုးလ် အပါအဝင် လီဗာပူးနောက်တန်းတတန်းလုံးက မတ်တပ်ရပ်ကြည့်သလောက်ကို အခြေအနေဆိုးခဲ့တာပါ။ တတိယဂိုးမှာလည်း အာနိုးလ်တယောက် ပြိုင်ဘက်ရဲ့ကျော်ဖြတ်ခြင်းကိုခံခဲ့ရပြီး ဒီပွဲမှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတဲ့ နောက်ခံလူ ဂျိုးဂိုးမက်ဇ်ကလည်း နာပိုလီတိုက်စစ်ကို တားဆီးနိုင်ခဲ့ခြင်းမရှိပါဘူး။


ဒုတိယပိုင်းအစမှာ ပေးလိုက်ရတဲ့ လေးဂိုးမြောက်မှာလည်း အာနိုးလ်က ဇီလင်စကီးကို တားဆီးနိုင်ခဲ့ခြင်းမရှိဘဲ ဇီလင်စကီးကပဲ နှစ်ဆင့်ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ လီဗာပူးအတွက် ချေပဂိုးတဂိုးကို တိုက်စစ်ကစားသမား လူးဝစ်ဒီယက်ဇ်က သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း နောက်ထပ်ဂိုးတွေထပ်မရတော့ဘဲ ၄-၁ ဂိုးနဲ့ လီဗာပူးတို့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပါတယ်။

အာနိုးလ်ဟာ ဒီရာသီမှာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပြီး ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာလည်း အီလန်ဂါ၊ ရပ်ရှ်ဖို့ဒ်တို့ကို မထိန်းနိုင်ခဲ့တာကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ လီဗာပူးဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ (၂) ပွဲသာ အနိုင်ရရှိထားပြီး သိသိသာသာခြေစွမ်းကျဆင်းနေတဲ့ ကစားသမားတွေထဲမှာ အာနိုးလ်လည်း တယောက် အပါအဝင်ဖြစ်ပါတယ်။

ညာနောက်ခံလူအာနိုးလ်ဟာ တိုက်စစ်လိုက်ပါမှုပိုင်းမှာ ကောင်းမွန်မှုရှိပေမယ့် ခံစစ်ကစားတဲ့နေရာမှာတော့ အားနည်းချက်တွေရှိနေပါတယ်။ ဒါ့အပြင် ခံစစ်ကစားဖို့ စိတ်မပါလက်မပါလုပ်နေတဲ့ သူ့ရဲ့ပုံစံကို မပြင်ဆင်ဘူးဆိုရင် အခြားသောအင်္ဂလန်ကြယ်ပွင့် ဒယ်လီအလီလိုမျိုး ကစားသမားဘဝ ကျဆင်းသွားလိမ့်မယ်လို့ ပရိသတ်တွေက မှတ်ချက်ပြုဝေဖန်နေကြပါတယ်။ 

Share

Loading Next Article...
က္က