မက်ဒရစ်ဒါဘီမှာ မြင်တွေ့ခဲ့ရတာပါ။

ရီးရဲလ်မက်ဒရစ် ညာနောက်ခံလူ ကာဗာဟယ်လ် မနေ့က မက်ဒရစ်ဒါဘီပွဲမှာ အက်သလက်တီကို တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းကို တကွက်ပြခဲ့ပြီး ဒီလုပ်ရပ်က ဂရစ်ဇ်မန်းကို ဘာစီလိုနာဆီ ပြန်ပို့ပေးလိုက်တာပဲလို့ ပရိသတ်တွေက လှောင်ပြောင်မှတ်ချက်ပြုနေကြပါတယ်။ ဒီပွဲကိုတော့ အက်သလက်တီကိုမက်ဒရစ် အိမ်ကွင်း ဝမ်ဒါမက်ထရိုပိုလီတာနိုကွင်းကြီးထဲမှာ ကစားခဲ့တာပါ။



ပွဲမတိုင်ခင်မှာ ဗီနီရှပ်စ်ရဲ့ အောင်ပွဲခံဟန်နဲ့ ပတ်သက်လို့ တော်တော်လေး ပွဲဆူခဲ့တာကြောင့် ဒီပွဲအပေါ် ပရိသတ်တော်တော်များများက အာရုံစိုက်စောင့်ကြည့်ခဲ့ကြပါတယ်။ တကယ်တမ်း ကစားချိန်မှာလည်း ရီးရဲလ်မက်ဒရစ်က ရိုဒရီဂို၊ ဗယ်လ်ဗာဒီရဲ့ဂိုးတွေနဲ့အတူ အက်သလက်တကို,ကို အဝေးကွင်းမှာ ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။


ရိုဒရီဂို ဂိုးသွင်းပြီးချိန်မှာ ဗီနီရှပ်စ်နဲ့အတူ ဆမ်ဘာအက ကခုန်အောင်ပွဲခံခဲ့ပြီး ဒီဖြစ်ရပ်နဲ့အတူ နောက်ထပ်ပြောစရာဖြစ်ရပ်ကတော့ ဂရစ်ဇ်မန်းကို ဒုက္ခပေးခဲ့တဲ့ ကာဗာဟယ်လ်ရဲ့ ကစားပုံပဲဖြစ်ပါတယ်။ ကာဗာဟယ်လ်ဟာ ဘောလုံးလုဖို့ လျှောထိုးလိုက်တဲ့ ဂရစ်ဇ်မန်းကို ဘောလုံးနဲ့အတူပဲ လှလှပပ ကျော်ဖြတ်ပြခဲ့တာဖြစ်ပါတယ်။ ဒီမြင်ကွင်းကလည်း ဗီနီရှပ်စ်တို့နှစ်ယောက် ကခုန်ဟန်နဲ့အတူတူ ရေပန်းစားနေပါတယ်။

ကာဗာဟယ်လ်ဟာ ဘောလုံးလက်ခံရရှိချိန်မှာ နေရာလွတ်တော်တော်လေး ကျဥ်းသွားခဲ့တာကြောင့် ဂရစ်ဇ်မန်းကလည်း အပိုင်တွက်ဆပြီး လျှောထိုးဝင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကာဗာဟယ်လ်ရဲ့ ပါးနပ်မှုကို ဂရစ်ဇ်မန်း မယှဥ်နိုင်ခဲ့ဘဲ ဒီကစားသမားကို အိပ်စက်အနားယူနိုင်အောင် ကာဗာဟယ်လ် ဖန်တီးပေးခဲ့တယ်လို့ ပရိသတ်တွေက မှတ်ချက်ပြုနေကြပါတယ်။


ပရိသတ်တွေက “ဂရစ်ဇ်မန်းကို ကာဗာဟယ်လ်က ဘာစီလိုနာဆီ ပြန်ပို့ပေးလိုက်တာပဲ” “ဂရစ်ဇ်မန်း ကွင်းထဲမှာ လာအိပ်ပျော်နေပြီ” လို့လည်း အမျိုးမျိုး နောက်ပြောင်မှတ်ချက်ပြုနေကြပါတယ်။ ဂရစ်ဇ်မန်းဟာ အရင်ပွဲတွေမှာ ပွဲကစားချိန် မိနစ် (၆၀) နောက်ပိုင်းမှသာ လူစားဝင်ကစားခွင့်ရရှိခဲ့တာပါ။ ဒါပေမယ့် ဒီပွဲမှာတော့ ပထမပိုင်းတည်းက ပွဲထွက်ခွင့်ရရှိခဲ့ပြီး ကာဗာဟယ်လ်ပညာပြတာကို ခံလိုက်ရတာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က