ယူနိုက်တက်က ယုံကြည်မှုအပြည့်ရှိနေပြီလို့ မာတီနက်ဇ်က ပြောကြားခဲ့တာပါ။

ယူနိုက်တက်ဗဟိုနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်က လက်ရှိအချိန်မှာ အိုးထရက်ဖို့ဒ်ကို လာရောက်ကစားမယ့် အသင်းတွေအတွက် အကြောက်တရား ရိုက်သွင်းနိုင်ခဲ့ပြီဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ရာသီအစ အဖွင့် (၂) ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲအားလုံးမှာ နိုင်ပွဲရရှိခဲ့ပါတယ်။



အသင်းကလည်း အမှတ်ပေးဇယားထိပ်ပိုင်းကို ဖြည်းဖြည်းချင်း တက်လှမ်းလာခဲ့ပြီး ယူနိုက်တက်နောက်တန်းက မာတီနက်ဇ်တို့အပါအဝင် မာလာစီယာ၊ ဗာရန်း၊ ဒါလော့တို့ကလည်း အကောင်းဆုံးပုံစံတွေ ပြသနေကြပါတယ်။ အထူးသဖြင့် အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ လီဗာပူး၊ အာဆင်နယ်တို့ကို အနိုင်ရရှိခဲ့တာက ယူနိုက်တက်အတွက် ယုံကြည်ချက် ပိုမိုရှိစေခဲ့တာလည်းဖြစ်ပါတယ်။

အသင်းရဲ့အနေအထားနဲ့ပတ်သက်လို့ မာတီနက်ဇ်က “အစပိုင်းမှာတော့ ကျနော်တို့ အနေအထားက မကောင်းမွန်ခဲ့ပါဘူး။ ကျနော်တို့ လိုချင်တဲ့ပုံစံမျိုးလည်း မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ဘရန့်ဖို့ဒ်နဲ့ပွဲအပြီးမှာ ကျနော်တို့ရဲ့ ဦးတည်ချက်တွေကို ပြောင်းလဲပစ်ခဲ့ပါတယ်။ ကျနော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ တိုက်ပွဲဝင်စိတ်ဓာတ်တွေကို ပြောင်းလဲပစ်ခဲ့ပါတယ်”

“အဲ့ဒီနောက် လီဗာပူးနဲ့ပွဲမှာ ကျနော်တို့ အံ့အားသင့်ဖွယ်ကောင်းအောင် စွမ်းဆောင်ပြနိုင်ခဲ့ပြီး နောက်ပိုင်းပွဲတွေမှာ ပုံံစံကောင်းကို ဆက်လက်ထိန်းသိမ်းခဲ့ပါတယ်။ ခင်ဗျားတို့ အခု ဒါကို မြင်တွေ့နိုင်ပါပြီ။ ပွဲတိုင်းပွဲတိုင်းမှာ အသင်းက တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဒါက မန်ချက်စတာယူနိုက်တက်ပဲလေ၊ မဟုတ်ဘူးလား”

“ပြိုင်ဘက်အသင်းတွေက ကျနော်တို့ကွင်းမှာ လာကစားမယ်ဆိုရင် သူတို့ရဲ့စိတ်ထဲမှာ မလွယ်ကူဘူးဆိုတာကို သေချာပေါက် ခံစားနေရဖို့ လိုအပ်တာပေါ့။ အခုတော့ သူတို့ ဒီလိုခံစားနေရပြီဆိုတာကို ကျနော်တို့ ကောင်းကောင်းသိနေပါပြီ။ အသင်းဖော်အချင်းချင်းကြား ချိတ်ဆက်မှုတွေကလည်း အံ့အားသင့်စရာပါပဲ။ လီဗာပူး၊ အာဆင်နယ်တို့နဲ့ပွဲတွေမှာ ကျနော်တို့ ပုံစံကောင်းပြသနိုင်ခဲ့တယ်ထင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က