လီဗာပူးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ဟာ နည်းပြ ကလော့ပ်ရဲ့ ညွှန်ကြားမှုတွေကို နားမလည်ဘူးလို့ ဖွင့်ဟပြောကြားလာပါတယ်။ နူးနက်ဇ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘင်ဖီကာကနေ လီဗာပူးကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) နဲ့ ရောက်ရှိလာခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။
ဒီဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူးဟာ ဒီရာသီမှာ လီဗာပူးအတွက် ပရီးမီးယားလိဂ်ရာသီအဖွင့်၊ ကွန်မြူနတီဒိုင်းတို့မှာ တဂိုးစီသွင်းယူပေးထားနိုင်ပါတယ်။ ဒါ့အပြင် ပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက်လည်း မသေချာတဲ့ အနေအထားတရပ်ကို ရောက်ရှိနေပါတယ်။ မနေ့က ရိန်းဂျားစ်ကို အနိုင်ရတဲ့ပွဲမှာတော့ နူးနက်ဇ်တယောက် ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။
ဒါပေမယ့် ဒီပွဲမှာလည်း အဆိုပါတိုက်စစ်မှူးက အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ဂိုးပေါက်ပျောက်ဆုံးခဲ့ပါတယ်။ ပွဲအပြီးမှာတော့ နူးနက်ဇ်က “အမှန်တိုင်းနဲ့ ရိုးရိုးသားသားပြောရရင် ကျနော်က အသင်းလိုက်ညွှန်ကြားမှုတွေမှာ ကလော့ပ် ပြောသမျှကို ကျနော် ဘာတခုမှ နားမလည်ပါဘူး။ ဒီတော့ သူ ဘာတွေပြောသွားလဲဆိုတာကို အသင်းဖော်တွေဆီ မေးရတာပေါ့”
“ဒါပေမယ့် သူ ကစားချင်တဲ့ပုံစံနဲ့ ပတ်သက်လို့ ကျနော် ရှင်းရှင်းလင်းလင်းသိထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ နူးနက်ဇ်ဟာ ရာသီကြိုခြေစမ်းပွဲတွေမှာတည်းက သူ့ရဲ့ ဆိုးရွားတဲ့ အပိုင်အခွင့်အရေး လွဲချော်မှုတွေကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ကလော့ပ်ကတော့ နူးနက်ဇ်နဲ့ ပတ်သက်လို့ ချီးကျူးစကားပြောကြားခဲ့ပါတယ်။
ကလော့ပ်က “ဒါဝင်နူးနက်ဇ်က ဒီလိုအခြေအနေမျိုးတွေမှာ ဘယ်လောက်တောင်ကောင်းတဲ့ တိုက်စစ်မှူးလဲဆိုတာကို ခင်ဗျားတို့ မြင်ခဲ့မှာပါ။ သူက တည်ငြိမ်တဲ့ ခြေစွမ်းပြသဖို့ပဲ လိုအပ်တာပါ။ ဒီညမှာ လူတိုင်းမြင်တွေ့ခဲ့ရတဲ့ သူ့ခြေစွမ်းကို ဆက်လက်မြင်တွေ့ရမှာပါ။ အရာအားလုံး အဆင်ပြေနေပါတယ်” လို့ ရိန်းဂျားစ်ကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။