ဒီပွဲမတိုင်ခင်မှာ ဘာစီလိုနာနည်းပြ ဇာဗီက သူ့အသင်းက ဥရောပမှာပဲ ကျရှုံးခဲ့တာ၊ လာလီဂါမှာ အခြေအနေကောင်းတုန်းလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း ဘာနေဗျူးမှာကစားရချိန်မှာတော့ ဘာစီလိုနာတို့ ရီးရဲလ်မက်ဒရစ်ကို အဝေးကွင်းမှာ ဂိုးပြတ်အရေးနိမ့်ခဲ့ရပါတယ်။
ရီးရဲလ်မက်ဒရစ်က ကော်တွိုက်စ်နေရာ လူနင် ဝင်ဖမ်းခဲ့တာကလွဲရင် ကွင်းလယ်မှာ ချူအာမန်နီနဲ့အတူ အဓိက,ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဘာစီလိုနာကလည်း နောက်တန်းက ဒဏ်ရာပြဿနာတွေရှိနေပေမယ့် ပီကေးကို မသုံးဘဲ ကွန်ဒေးက ဗဟိုနောက်ခံလူနေရာမှာ အဲရစ်ဂါစီယာနဲ့ တွဲကစားခဲ့ပါတယ်။ ဆာဂျီရော်ဘတ်တို၊ အဲလက်စ်ဘယ်လ်ဒီတို့ ပါဝင်ခဲ့သလို ဒီဂျောင်လည်း ပွဲထွက်လာခဲ့ပါတယ်။
ကျန်တဲ့နေရာတွေမှာတော့ ထွေထွေထူးထူး အပြောင်းအလဲမရှိခဲ့ဘဲ ရင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာရဲ့ ကစားပုံက ထိရောက်မှုမရှိဘဲ ဘန်ဇီမာက စောစောစီးစီးပဲ ရီးရဲလ်မက်ဒရစ်အတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်က ပွဲကြီးတွေမှာဆိုရင် ပြိုင်ဘက်ရဲ့ အခြေအနေကိုကြည့်ပြီး ပွဲရှိန် တင်သင့်ရင်တင်၊ ချသင့်ရင်ချ နဲ့ပဲ ဘာစီလိုနာကို ရင်ဆိုင်ခဲ့ပါတယ်။
အဲ့ဒီနောက် (၃၅) မိနစ်မှာ ဗယ်လ်ဗာဒီက ဧရိယာထိပ်ကနေ အပြင်းကန်သွင်းပြီး ရီးရဲလ်မက်ဒရစ်အတွက် အနိုင်သေချာစေခဲ့ပြီး ပထမပိုင်းမှာတင် ရီးရဲလ်မက်ဒရစ်တို့ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ရီးရဲလ်မက်ဒရစ်အတွက် ဘန်ဇီမာက နောက်တဂိုးထပ်သွင်းပေးခဲ့ပေမယ့် လူကျွံနေခဲ့တာကြောင့် ဘာစီလိုနာတို့ ကံကောင်းခဲ့ပါတယ်။ ဖာရန်တောရက်စ်က ဘာစီလိုနာအတွက် ချေပဂိုးတဂိုးသွင်းပေးခဲ့ပေမယ့် နာကျင်အချိန်ပိုမှာ ရိုဒရီဂိုရဲ့ ပင်နယ်တီဂိုးကို ခွင့်ပြုခဲ့ရတာကြောင့် ရီးရဲလ်မက်ဒရစ်က ဘာစီလိုနာကို ၃-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ကတော့ အယ်လ်ကလက်စီကို အိမ်ကွင်းနိုင်ပွဲကြောင့် ဘာစီလိုနာကို (၃) မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ဒီရှုံးပွဲက ဘာစီလိုနာအတွက် ဒီရာသီ လာလီဂါမှာ ပထမဆုံးရှုံးပွဲလည်းဖြစ်ခဲ့ပြီး လက်ရှိ လာလီဂါမှာ ရှုံးပွဲလုံးဝမရှိသေးတာဆိုလို့ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်တသင်းတည်းရှိပါတော့တယ်။