ယူနိုက်တက်နည်းပြ တန်ဟက်ခ်ဟာ ချဲလ်ဆီးနဲ့ ကစားမယ့်ပွဲအတွက် တိုက်စစ်မှူး ရော်နယ်ဒိုကို ကစားသမားစာရင်းကနေ ချန်လှပ်လိုက်ကြောင်း သိရှိရပါတယ်။ တန်ဟက်ခ်ရဲ့ ဒီဆုံးဖြတ်ချက်ကို အသင်းတာဝန်ရှိသူတွေဘက်ကလည်း အပြည့်အဝ ရပ်တည်ပေးခဲ့ပြီး တရားဝင်ကြေညာချက် ထုတ်ပြန် အသိပေးခဲ့ပါတယ်။
ရော်နယ်ဒိုအနေနဲ့ ချဲလ်ဆီးနဲ့ပွဲ လူစာရင်းမှာ ပါဝင်မှာမဟုတ်ကြောင်း၊ ကျန်ရှိနေတဲ့ အသင်းကြီး ကစားသမားတွေက ဒီပွဲအတွက် အာရုံစူးစိုက်မှုအပြည့်နဲ့ လေ့ကျင့်ပြင်ဆင်သွားမှာဖြစ်ကြောင်း အသင်းဘက်က တရားဝင်ကြေညာခဲ့ပါတယ်။ စပါးကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်မှာ ရော်နယ်ဒိုက ပွဲထွက်ခွင့်မရခဲ့သလို လူစားဝင်မကစားဘဲ မိနစ် (၉၀) မပြည့်ခင်မှာတင် ဥမင်လိုဏ်ခေါင်းထဲ ဝင်သွားခဲ့တာပါ။
ကနဦးထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ ရော်နယ်ဒိုအနေနဲ့ လူစားဝင်ကစားဖို့ မျှော်လင့်ခဲ့ပေမယ့် တန်ဟက်ခ်က အခွင့်အရေးမပေးခဲ့တာကြောင့် အခုလိုပြုမူခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ တန်ဟက်ခ်က ရော်နယ်ဒိုကို လူစားဝင်ကစားဖို့ ညွှန်ကြားခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က နည်းပြရဲ့ ညွှန်ကြားချက်ကို လျစ်လျူရှုပြီး အခုလိုပဲ ကွင်းထဲကနေ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ရော်နယ်ဒိုဟာ ပွဲအပြီးမှာလည်း အသင်းဖော်ကစားသမားတွေနဲ့ ပူးပေါင်းခြင်းမရှိခဲ့ဘဲ အိုးထရက်ဖို့ဒ်ကွင်းကနေပါ ထွက်ခွာသွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း မနေ့က တန်ဟက်ခ်တယောက် ရော်နယ်ဒိုနဲ့ပတ်သက်လို့ ပြတ်ပြတ်သားသား အရေးယူဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ရော်နယ်ဒိုအနေနဲ့ ချဲလ်ဆီးနဲ့ပွဲ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့အပြင် အသင်းကြီးနဲ့ ပူးပေါင်းခွင့်မရတော့ဘဲ တယောက်တည်း သီးသန့်လေ့ကျင့်ခန်း ဆင်းရတော့မယ်လို့ သိရှိရပါတယ်။
ဒီပြစ်ဒဏ်က ဘယ်အချိန်ထိမှန်းမသိရဘဲ ရော်နယ်ဒိုနဲ့ ယူနိုက်တက်၊ ရော်နယ်ဒိုနဲ့ တန်ဟက်ခ်အကြား အဆိုးရွားဆုံး အခြေအနေကို ဦးတည်သွားခဲ့ပါတယ်။ တန်ဟက်ခ်ကတော့ “အသင်းထက် ပိုမိုကြီးကျယ်မြင့်မြတ်တဲ့ ကစားသမားမရှိစေရ” ဆိုတဲ့ မူကို ပြန်လည်အသက်သွင်းခဲ့တာဖြစ်ပြီး သူ့ရဲ့လုပ်ရပ်က အကြွင်းမဲ့မှန်ကန်တယ်လို့ဆိုရမှာပါ။