ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က ဒီကနေ့ည ချဲလ်ဆီးနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ရင်ဆိုင်ရမယ့်ပွဲအတွက် (၁၁) ယောက်ချင်း ကစားခွင့်ရဖို့ မျှော်လင့်ကြောင်းနဲ့ အဲ့ဒီလိုသာ အခွင့်အရေးရမယ်ဆိုရင်တော့ ချဲလ်ဆီးကို အနိုင်ရဖို့ အခွင့်အရေးကောင်းတွေရှိနေကြောင်း ပြောကြားသွားခဲ့ပါတယ်။
တန်ဟက်ခ်ဟာ အေဂျက်စ်နည်းပြဟောင်းတယောက်ဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီကမှ ယူနိုက်တက်ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့သူပါ။ အဆိုပါ နယ်သာလန်လူမျိုးနည်းပြဟာ အေဂျက်စ်ကို ကိုင်တွယ်ရင်း ချဲလ်ဆီးနဲ့ ရင်ဆိုင်ခဲ့ဖူးပြီး အဲ့ဒီအထဲကတကြိမ်မှာ လေးဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဒီကနေ့ညပွဲမတိုင်ခင်မှာ တန်ဟက်ခ်က အခုလိုပဲ ပြောကြားလာခဲ့တာပါ။
တန်ဟက်ခ်က “ချဲလ်ဆီးနဲ့ပွဲမှာ (၁၂) ယောက်ရှိတဲ့ပြိုင်ဘက်အသင်းနဲ့ မကစားရဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ တကယ်လို့ ကျနော်တို့သာ (၁၁) ယောက်ချင်း ကစားခွင့်ရမယ်ဆိုရင် ကျနော်တို့ ချဲလ်ဆီးကို အနိုင်ယူဖို့ အခွင့်အလမ်းကောင်းတွေရှိမယ်ထင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ တန်ဟက်ခ် ရည်ညွှန်းခဲ့တဲ့ပွဲကတော့ ပြီးခဲ့တဲ့ (၂၀၁၉) နိုဝင်ဘာက ချဲလ်ဆီးအိမ်ကွင်းမှာ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဥ်ပါ။
အဲ့ဒီပွဲမှာ အေဂျက်စ်တို့ အိမ်ရှင် ချဲလ်ဆီးကို ၂-၄ ဂိုးနဲ့ ဦးဆောင်ခဲ့ပြီးမှ ဘလင်း၊ ဗဲလ်မန်းတို့ အထုတ်ခံခဲ့ရကာ ချေပဂိုးနှစ်ဂိုး ဆက်တိုက်ပေးခဲ့ရပါတယ်။ ဒါ့အပြင် အဲ့ဒီပွဲမှာ ချဲလ်ဆီးတို့ ပင်နယ်တီ နှစ်လုံးအထိ ရရှိခဲ့ပြီး တန်ဟက်ခ်ကတော့ ဒီကနေ့ည ယူနိုက်တက်နဲ့အတူ ချဲလ်ဆီးကို မရင်ဆိုင်ခင်မှာ အဆိုပါပွဲအကြောင်းကို ပြန်လည် အစဖော်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အဲ့ဒီပွဲမှာ ချဲလ်ဆီးဘက်က အေဘရာဟမ်၊ ကီပါတို့ ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့ကြပြီး လက်ရှိ ယူနိုက်တက်ကို ရောက်ရှိနေတဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်ကလည်း အေဂျက်စ်အတွက် တဂိုးသွင်းယူပေးခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒီတကြိမ် တန်ဟက်ခ်တယောက် စတမ်းဖို့ဒ်ဘရစ်ချ်ကို လာရောက်ချိန်မှာ ဘယ်လိုမျိုး ကြုံတွေ့ရဦးမလဲ စောင့်ကြည့်ရမှာပါ။